အင်ဒိုနီးရှားနိုင်ငံသားတွေ မြန်မာသံရုံးအပြင်ဘက်မှာ စုဝေးပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ

အင်ဒိုနီးရှားနိုင်ငံသားတွေ မြန်မာသံရုံးအပြင်ဘက်မှာ စုဝေးပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ
Photo - AFP

ဖေဖော်ဝါရီ ၅

အင်ဒိုနီးရှား တက်ကြွလှုပ်ရှားသူတွေဟာ ဖေဖော်ဝါရီ ၅ ရက်က မြို့တော် ဂျကာတာမှာ ရှိတဲ့ မြန်မာသံရုံးအပြင်ဘက်မှာ လာရောက်စုဝေးပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဆိုပါ ဆန္ဒပြမှုမှာတော့ အင်ဒိုနီးရှား တက်ကြွလှုပ်ရှားသူတွေဟာ သံဘူး၊ သံပုံးတွေကို တီးပြီးတော့ မြန်မာစစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ထိန်းသိမ်းဖို့ကိုပဲ ကျွန်တော်တို့ ဆန္ဒရှိပါတယ်၊ စစ်တပ်အာဏာသိမ်းတာ ဒါမှမဟုတ် အရပ်သား အစိုးရဆီကနေ အာဏာကို အတင်းအကျပ်သိမ်းယူတာက မြန်မာပြည်သူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်လိုက်လို့ပဲ ကျွန်တော်တို့ နားလည်ပါတယ်” လို့ အင်ဒိုနီးရှား တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးဖြစ်တဲ့ ဂူဂန်းက ပြောပါတယ်။

“ အာဏာသိမ်းတာက အခြေခံ လူ့အခွင့်အရေးနဲ့ အရပ်သား အခွင့်အရေးတွေကို ချိုးဖောက်လိုက်တာပါပဲ၊ စစ်တပ်အာဏာပိုင်တွေက အတင်းအကျပ် အာဏာရယူတာက မြန်မာနိုင်ငံမှာတင် မကပါဘူး၊ အာရှနဲ့ ကမ္ဘာမှာပါ ပြည်သူတွေကို ဒေါသထွက်စေပါတယ်” လို့ အင်ဒိုနီးရှား တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးဖြစ်တဲ့ အီနိုင်း ရိုချာယန်တီက ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအတွက် ပြင်းပြတဲ့ ဆန္ဒကို ထုတ်ပြထားခဲ့ပါတယ်၊ ဒါပေမယ့်လည်း ရွေးကောက်ပွဲက မသမာမှု ရှိခဲ့တယ်လို့ စစ်တပ်က ပြောပြီးတော့ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခဲ့ပါတယ်၊ ပြီးတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်ဟာ အစိုးရဆီကနေ အာဏာကို အတင်းအကျပ်နည်းနဲ့ သိမ်းယူခဲ့ပါတယ်” လို့လည်း သူမက ပြောသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly