စစ်အာဏာသိမ်းမှုကို လုံးဝသဘောမတူဘူးဟု အောင်လအန်ဆိုင်းပြော 

စစ်အာဏာသိမ်းမှုကို လုံးဝသဘောမတူဘူးဟု အောင်လအန်ဆိုင်းပြော 

 ဖေဖော်ဝါရီ ၅ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို လုံးဝသဘောမတူဘူးလို့ ကိုယ်ခံပညာပေါင်းစုံ အားကစားသမားဖြစ် မြန်မာ့စပါးအုံးလို့တင်စားခေါ်ဝေါ်ကြတဲ့ အောင်လအန်ဆိုင်းက ပြောဆိုလိုက်ပါတယ်။ 

ဒီလိုအခြေအနေတွေကြောင့် မြန်မာပြည်သူတွေစိတ်ပျက်လက်ပျက်ဖြစ်နေကြမယ်ဆိုတာလည်းသိကြောင်းနဲ့ သတင်းစကားတွ ေပေးပို့ကြတဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း သူကဆိုပါတယ်။ 

“ကျွန်တော်မွေးဖွားကြီးပြင်းခဲ့တဲ့ဒေသနဲ့ကျွန်တော့်မိသားစုအကြောင်းအားလုံးသိမယ်ဆိုရင်ကျွန်တော့်နှလုံးသားကအားလုံးနဲ့အတူတူပဲဆိုတာသိမှာပါ။ ကျွန်တော်ကမြန်မာနိုင်ငံက ကချင်တိုင်းရင်းသားတယောက်ဖြစ်ပြီး၊ ကျွန်တော်ကလေးကတည်းက ဒီလိုအခြေအနေတွေကိုကြုံတွေ့ ခံစားခဲ့ရတာပါ” လို့ အောင်လအန်ဆိုင်းကပြောပါတယ်။ 

နောက်ပြီး အခုအခြေအနေတွေဟာ အားကစားသမားတစ်ယောက်ဖြစ်တဲ့သူ့အတွက် လုပ်နိုင်စွမ်းထက်အများကြီးပိုနေတဲ့ အနေအထားဖြစ်ပြီး နိုင်ငံရေးသမားလည်းမဟုတ်ကြောင်း ဆိုပါတယ်။ 

အများကြီးမလုပ်ဆောင်နိုင်ပေမယ့် မြန်မာနိုင်ငံထဲက လူမှုအဖွဲ့အစည်းတွေကို ပိုမိုမျှတကောင်းမွန်တဲ့ အဖွဲ့အစည်းဖြစ်လာစေဖို့ တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးလုပ်ဆောင်မယ်လို့လဲ ဂတိပြုကြောင်းလည်းပြောပါတယ်။ 

 “ကျွန်တော်ရဲ့သဘောထားခံယူချက်ကမြန်မာနိုင်ငံသားအားလုံးနဲ့အတူတူပဲဆိုတဲ့ကျွန်တော့်ခံစားချက်ကိုဖော်ပြဖို့အတွက်ကျွန်တော်အနေနဲ့ဒွိဟဖြစ်ပြီးတွေဝေနေခဲ့တာလုံးဝမဟုတ်ပါဘူး။ဒါပေမယ့်ကျွန်တော်မှာလဲကျွန်တော့်အခက်အခဲနဲ့ကျွန်တော်ရှိတယ်ဆိုတာကိုနားလည်ပေးဖို့မေတ္တာရပ်ခံပါတယ်” လို့ အောင်လအန်ဆိုင်းကဆိုသည်။ 

ပြည်သူတွေ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး စိတ်ထွက်ပေါက်ပေးဖို့လိုအပ်တယ်ဆိုရင်လည်း သူ့အနေနဲ့အမြဲနေပြီး အခုအခြေအနေမှာ စည်းလုံးကြဖို့က အရေးကြီးတယ်လို့လဲပြောပါတယ်။ 

ဒါကြောင့် မြန်မာနိုင်ငံနဲ့ပက်သက်လို့ ကမ္ဘာ့အင်အားကြီးနိုင်င်ငံတွေကလည်း ပါဝင်လုပ်ဆောင်အဖြေရှာနေပြီး မြန်မာနိုင်ငံကို အကောင်းဆုံးပဲဖြစ်စေချင်ကြောင်းပြောပါတယ်။ 

အောင်လအန်ဆိုင်းက သူ့ရဲ့ Facebook လူမှုကွန်ယက်ကနေတစ်ဆင့် အဲ့လိုစကားတွေကိုပြောဆိုခဲ့တာဖြစ်ပြီး စာပိုဒ်ရဲ့နောက်ဆုံးမှာတော့ “ မြန်မာနိုင်ငံမှာတရားမျှတမှုအစဉ်အမြဲဖြစ်တည်ပါစေလို့ကျွန်တော်ဆန္ဒပြုဆုတောင်းပါတယ်” လို့ ရေးသားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly