မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံအထူးအစည်းအ‌ဝေး ခေါ်ယူရေး အင်ဒိုနီးရှားနှင့် မလေးရှား ကြိုးပမ်း

မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံအထူးအစည်းအ‌ဝေး ခေါ်ယူရေး အင်ဒိုနီးရှားနှင့် မလေးရှား ကြိုးပမ်း

ဖေဖော်ဝါရီ ၅

ယခုအပတ်ထဲ စစ်အာဏာသိမ်းမှုနှင့်အတူ ရွေးကောက်ခံ အစိုးရတစ်ရပ် ဖယ်ရှားခံထားရသည့် မြန်မာနိုင်ငံရှိ အခြေအနေများနှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအ‌ဝေးတစ်ရပ် ခေါ်ယူကျင်းပရေးအတွက် ကြိုးပမ်းနေကြောင်း အင်ဒိုနီးရှားနှင့်မလေးရှား နိုင်ငံတို့၏ ခေါင်းဆောင်များက ဖေဖော်ဝါရီ ၅ ရက်တွင် ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အပြတ်အသတ် အနိုင်ရခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့၍ဟုဆိုကာ ပြီးခဲ့သည့် တနင်္လာနေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။

မြန်မာ့အရေးနှင့်ပတ်သက်သည့် အထူးအစည်းအ‌ဝေးတစ်ရပ် ဖြစ်မြောက်စေရေး ကြိုးပမ်းရန် အာဆီယံ၏ လက်ရှိဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံနှင့် ညှိနှိုင်းပြောဆိုရန် အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံခြား‌ရေးဝန်ကြီးများကို ညွှန်ကြားထားကြောင်း အင်ဒိုနီးရှား သမ္မတ ဂျိုကို ၀ီဒိုဒိုက နိုင်ငံသို့ အလည်အပတ် ရောက်နေသော မလေးရှားဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင်နှင့် တွေ့ဆုံပြီးနောက် ပြောခဲ့သည်။

မြန်မာ အာဏာသိမ်းမှုသည် “ယင်းနိုင်ငံရှိ ဒီမိုကရေစီ လုပ်ငန်းစဉ်တွင် နောက်သို့ တစ်လှမ်း ပြန်ဆုတ်သွားခြင်းဖြစ်” သည်ဟု မလေးရှားဝန်ကြီးချုပ် မူယစ်ဒင်က ပြောခဲ့သည်ဟု သိရသည်။

ယင်းကဲ့သို့ အာဆီယံအထူးအစည်းအဝေးများက ဖြစ်တောင့်ဖြစ်ဆဲ ဖြစ်သည်။ သို့သော် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကိစ္စများတွင် ၀င်မစွက်ရေး အာဆီယံ မူဝါဒ ရှိနေခြင်း နှင့် စစ်အာဏာသိမ်းမှုအပေါ် အဖွဲ့ဝင်များအကြား တုံ့ပြန်ပုံချင်း မတူညီခြင်းတို့ ရှိနေသည့်အတွက်လည်း ယင်းကဲ့သို့ အစည်းအ‌ဝေးတစ်ခုအတွက် စီစဉ်ခြင်းက စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်သည်။

မြန်မာနိုင်ငံက အဖွဲ့ဝင်တစ်နိုင်ငံအဖြစ် ပါဝင်နေသည့် အာဆီယံသည် ယခုအပတ်အစောပိုင်းက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် ယင်းအနေဖြင့် မြန်မာနိုင်ငံရှိ အခြေအနေများကို နီးနီးကပ်ကပ် စောင့်ကြည့်နေသည်ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required