လွိုင်ကော်နည်းပညာတက္ကသိုလ် ဆရာများနှင့် ကျောင်းသားများ စစ်အစိုးရကို ကန့်ကွက်

လွိုင်ကော်နည်းပညာတက္ကသိုလ် ဆရာများနှင့် ကျောင်းသားများ စစ်အစိုးရကို ကန့်ကွက်
ဓာတ်ပုံ - ဟန်ထူးဇော်

၅ရက်နေ့ ဇန်နဝါရီလ ၂၀၂၁

စစ်တပ်မှ အာဏာသိမ်းမှုကို ကန့်ကွက်သည့် အနေဖြင့် လွိုင်ကော် နည်းပညာတက္ကသိုလ်တွင် ဆရာနှင့် ဆရာမ အပါဝင် ကျောင်းသူ ကျောင်းသားများ ပူးပေါင်း၍ လူဦးရေ ၅၀ ခန့်က ယနေ့ နံနက် ၉နာရီခွဲအချိန်တွင် ဆန္ဒဖော်ထုတ်ကြသည်။

ကျောင်းသူ ကျောင်းသားများက စစ်အာဏာရှင် စစ်အစိုးရ အလိုမရှိ ဟု လက်ရေးဖြင့် ရေးထားသည့် စာရွက်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။

ဓာတ်ပုံ - ဟန်ထူးဇော်

“ စစ်အာဏာရှင်အစိုးကို မကျေနပ်တဲ့အတွက်ကြောင့်မို့လို့ ကျမတို့ရဲ့ ရှိတဲ့အားလေးနဲ့ ပြန်ပြီးတော့ တွန်းလှန်တဲ့အားလေးနဲ့ လုပ်တာပါ။ ငြိမ်းချမ်းစွာနဲ့ လုပ်လိုက်တာပါ။ ”ဟု အမည်မဖော်လိုသည့် ဆရာမတစ်ဦးက ပြောသည်။

သူမက ဆက်ပြီးတော့ “ ကျမတို့မှာ မြေဖြူနဲ့ဘောပင်ပဲ ရှိတာပါရှင်။ အဲဒါကို မတရားသိမ်းပိုက်ထားတဲ့ ဒီအာဏာရှင်တွေကို လုံးဝမကျေနပ်ပါဘူးရှင်။ ဒီအပေါ်မှာလည်း ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ ကျမတို့မှာ အစီအစဉ် ရှိပါတယ်ရှင်။” ဟု ဆိုသည်။

ဓာတ်ပုံ - ဟန်ထူးဇော်
 

ကျောင်းသူ ကျောင်းသားများ အနေဖြင့်လည်း တက်တက်ကြွကြွ ပါဝင်ကြတာ တွေ့မြင်ရသည်။

အမည်မဖော် ဆရာမ နောက်တစ်ဦးကလည်း “ အရင်တုန်းကဆိုရင် ကျနော်တို့က ဒီကာကွယ်ဆေးထိုးပြီးရင် ကျောင်းလေးပြန်ဖွင့်မယ်။ နောက်ပြီးအိုင်အက်စ်အိုလုပ်ငန်းတွေ လုပ်ရမယ်။ ကလေးတွေ ကျောင်းတွေ ပြန်တက်ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ကျနော်တို့နေရတာ။ အခု အာဏာသိမ်းတယ်လို့ သတင်းကြားလိုက်ကတည်းက လူတွေက ဟာကနဲ ဖြစ်သွားပြီးတော့ ဘာမှကို ဆက်မလုပ်နိုင်ဘဲနဲ့ ဒီဟာကြီးပေါ်မှာပဲ လူတွေရဲ့စိတ်တွေက အကုန်လုံး လူတိုင်းက စိတ်ဆင်းရဲနေရတာပါ။ ပြောချင်တာက အာဏာသိမ်းတာမှ ၂ ရက်တပိုင်းပဲရှိသေးတယ်။ ဖုန်းလိုင်းတွေဖြတ်တယ်။ အင်တာနက်လိုင်းတွေဖြတ်တယ်။ FB တွေ ပိတ်တယ်ဆိုတာက ဒါတွေသည် မလုပ်သင့်တဲ့ကိစ္စတွေပဲ။ ပြည်သူတွေတိုးတက်ရေးကို သူတို့က အနှောက်အယှက်ဖြစ်အောင် လုပ်နေတယ်လို့ ယုံကြည်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့က ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်တာပါ။ ” ဟု ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly