ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌကို စစ်တပ်က ပြန်လွှတ်ပေး

ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌကို စစ်တပ်က ပြန်လွှတ်ပေး
ဓာတ်ပုံ- ရခိုင်ပြည်နယ် သတင်းများ

ဖေဖော်ဝါရီလ ၅ ၊ ၂၀၂၁

စစ်တပ်က အာဏာသိမ်းပြီးတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မနက်မှာ ဖမ်းဆီးခံလိုက်ရတဲ့  ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှကို စစ်တပ်က ထိန်းသိမ်းထားပြီးနောက် ဒီကနေ့ ဖေဖေါ်ဝါရီလ ၅ရက် မနက်ပိုင်းက ပြန်လည် လွတ်ပေးလိုက်တယ်လို့ ဦးစံကျော်လှက မဇ္ဈိမကို အတည်ပြု ပြောပါတယ်။

ဦးစံကျော်လှကို စစ်တွေမြို့မှာရှိတဲ့ တပ်ရင်းတစ်ခုက အရာရှိရိပ်သာမှာ ထိန်းသိမ်းခဲ့တာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားချိန်မှာ စစ်ဆေးမေးမြန်းတာမျိုး မရှိဘူးလို့ ဦးစံကျော်လှကပြောပါတယ်။

ဖမ်းဆီးထားစဉ်  လက်ကိုင်ဖုန်းကို သိမ်းဆည်းထားပြီး ပြန်လည်လွတ်မြောက်လာစဉ်မှာ သိမ်းဆည်းထားတဲ့ ဖုန်းကို ပြန်ပေးသလို ဖုန်းထဲက အချက်အလက်မှန်သမျှကိုလည်း ဖျက်ဆီးတာမရှိဘူးလို့ ဦးစံကျော်လှက ပြောပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး သုံးသပ်ချက်မေးမြန်းရာ ဖြေကြားဖို့ အချိန်စောနေသေးတယ်လို့လည်း ဦးစံကျော်လှက ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly