ဖဲကြိုးနီကမ်ပိန်းထဲ ပညာရေးတက္ကသိုလ်က ဝန်ထမ်းတွေပါဝင်လာ

ဖဲကြိုးနီကမ်ပိန်းထဲ ပညာရေးတက္ကသိုလ်က ဝန်ထမ်းတွေပါဝင်လာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

အာဏာသိမ်းစစ်အစိုးရကို ကန့်ကွက်တဲ့လှုပ်ရှားမှုတွေဟာ တဖြည်းဖြည်းနဲ့ကျယ်ပျံ့လာပြီး ဆရာဝန်တွေ၊ လွှတ်တော်အမတ်တွေ၊ အလုပ်သမားအဖွဲ့အစည်းတချို့အပြင် အခြခံနဲ့ အဆင့်မြင့်ပညာရေးဝန်ထမ်းတွေပါ တဖြည်းဖြည်းနဲ့ပါဝင်လာပါပြီ။

သူတို့ဟာ ဖဲကြိုးအနီတွေတပ်လို့ လုပ်ငန်းတာဝန်တွေကနေ ရပ်စဲပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဆန္ဒပြနေကြတာပါ။

ဖေဖော်ဝါရီ ၅ ရက်နေ့မှာတော့ ရန်ကုန်ပညာရေးတက္ကသိုလ်က ပါမောက္ခတွေ၊ ကထိကတွေ၊ ကြူတာတွေအပြင် ကျောင်းသူ/ ကျောင်းသားတချို့ကပါ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

“ ကျွန်မတို့ ဒီမိုကရေစီစနစ်မှာတော့ ပြည်သူသာအမိ၊ ပြည်သူသာအဖဖြစ်ပါတယ်။ အဲ့တော့ ပြည်သူကရွေးချယ်တဲ့ အစိုးရကိုပဲ အမြဲတမ်းထောက်ခံမယ်။ အမြဲတမ်းအားပေးမယ်။ သူတို့နဲ့အတူရှိပါမယ်။ ပြည်သူရွေးချယ်ထားတဲ့အစိုးရကို မတရား လက်နက်နဲ့အာဏာသိမ်းပြီးတော့မှ ကိုယ်ဟာနဲ့ကိုယ်အစိုးရပါဆိုပြီး မတရားတည်ဆောက်ထားတဲ့ အစိုးရကိုတော့ လက်မခံပါဘူး။ သူတို့နဲ့လည်း ဘယ်တော့မှအတူရှိမှာမဟုတ်ပါဘူး။ အဲ့အစိုးရကတော့ အမြန်ကျရှုံးပါစေလို့ပဲ ကျွန်မတို့ ဆန္ဒပြုပါတယ်”လို့ ရန်ကုန်ပညာရေးတက္ကသိုလ်က ကထိက ဒေါက်တာနွယ်သဇင်လှိုင်က ကိုယ်စားပြောပြပါတယ်။

ဒီ့အပြင် ပညာရေးဝန်ထမ်းတွေအနေနဲ့ ဝန်ထမ်းဉပဒေကိုချိုးဖောက်တာ၊ နှုတ်ထွက်တာမျိုးမဟုတ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်တာလို့လဲ ရန်ကုန်ပညာရေးတက္ကသိုလ် ကထိက ဒေါ်ဟန်နီလွင်ကဆိုပါတယ်။

“ တာဝန်ကနေရပ်စဲတယ်ပေါ့။ ကျွန်မတို့က ထွက်တာနဲ့ ရပ်စဲတာနှစ်မျိုးရှိတယ်။ သူတို့ကရပ်စဲရင်တောင် ရတယ်ကိစ္စမရှိဘူး။ ကျွန်မတို့ပဲဖြစ်ဖြစ် ကိုယ့်တပည့်တွေပဲဖြစ်ဖြစ်၊ ကျွန်မတို့က ပရော်ဖက်ရှင်နယ်တွေ။ ဒီအစိုးရနဲ့မလုပ်ရလဲကိစ္စမရှိဘူး။ ဒီယန္တရားရပ်သွားပြီးတော့ ဒါမှမဟုတ်လဲဘဲ ဒီစစ်အာဏာရှင်စနစ်ကကျဆုံးပြီးတော့ ဒီမိုကရေစီအစိုးရပြန်တက်လာဖို့ ” လို့ပြောတာပါ။

တခြားပညာရေးနဲ့ အစိုးရဝန်ထမ်းတွေကိုလည်း ဖဲကြိုးနီကမ်ပိန်းမှာပါဝင်ကြဖို့ ကိုလည်းဆော်ဩခဲ့ပါသေးတယ်။ အဲ့ဒီ့ကမ်ပိန်းမှာ “အမေစု ကျန်းမာပါစေ” “အာဏာရှင်စစ်အစိုးရ အလိုမရှိ” ဆိုပြီး သံပြိုင်ရွတ်ဆိုခဲ့ကြပါသေးတယ်။

ဒီလှုပ်ရှားမှုကို ရန်ကုန်ပညာရေးတက္ကသိုလ်က ဌာန၊ ဆရာ၊ ဆရာမ အကုန်လုံးရဲ့သဘောတူညီမှုနဲ့ ပြုလုပ်တာဖြစ်ပြီးတော့ ခန့်မှန်းအင်အား ၂၅၀ ကျော်ရှိမယ်လို့လဲဆိုပါတယ်။

ဒီကနေ့တစ်ရက်တည်းမှာပဲ စစ်ကိုင်း ပညာရေးတက္ကသိုလ်က ဆရာ၊ ဆရာမ ၁၀၀ကျော်ဟာ အာဏာသိမ်း စစ်အစိုးအရ ဆန့်ကျင်ရေး လုပ်ရှားမှု တစ်ခုပြုလုပ်ခဲ့ပါသေးတယ်။

အဲ့ဒီ့လှုပ်ရှားမှုမှာလည်း အနိုင်ရ NLD ပါတီ အစိုးရဖွဲ့နိုင်ရေးကို အမြန်ဆုံးလုပ်ဆောင်နိုင်ရေးနဲ့ အာဏာသိမ်းစစ်အစိုးရကို အပြင်းအထန်းရှုံ့ချတယ်ဆိုတာ သိစေဖို့အတွက်အခု လှုပ်ရှားတာဖြစ်တယ်လို့ဆရာ၊ဆရာမတွေပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly