ဧရာဝတီတိုင်း ပုသိမ်တက္ကသိုလ်ရှိ ဌာနပေါင်းစုံမှ ဆရာဆရာမများစုပေါင်း၍ ဖဲကြိုးနီ ကမ်ပိန်းပြုလုပ်

ဧရာဝတီတိုင်း ပုသိမ်တက္ကသိုလ်ရှိ ဌာနပေါင်းစုံမှ ဆရာဆရာမများစုပေါင်း၍ ဖဲကြိုးနီ ကမ်ပိန်းပြုလုပ်

ဖေဖော်ဝါရီ ၅ ပုသိမ်

ပုသိမ်တက္ကသိုလ် ၌ ဖေဖော်ဝါရီလ ၅ရက်နေ့ ယနေ့ နံနက်အစောပိုင်းတွင် ဌာနပေါင်းစုံမှဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူ တချို့မှ ဖဲကြိုးနီ ကမ်ပိန်းပြုလုပ်ခဲ့သည်။

ပုသိမ်တက္ကသိုလ်ရှိ ဆရာ ဆရာမများက  "အကြမ်းမဖက်သော Civil Disobedience Movement တွင် အခြားသော ပြည့်သူ့ဝန်ထမ်းများ နှင့်အတူ ပါဝင်ကြပါမည်"၊"ကျွန်ုပ်တို့သည် တပ်မတော်၏ အာဏာသိမ်းခြင်းကို လက်မခံပါ"၊"နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတကြီး နှင့် ဖမ်းဆီး ထိန်းသိမ်းထားသော ပြည်သူ့ခေါင်းဆောင်များ ကို အမြန်ဆုံးလွှတ်ပေးရန်"၊"၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ ရလဒ်ကိုအသိအမှတ်ပြုရန်"၊"ပြည်သူများမှ ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ခေါင်းဆောင်များနှင့် တရားမျှတသော လွှတ်တော်ခေါ်ယူခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန် " ဟု သဘောထားထုတ်ပြန်ချက်လည်းထုတ်ပြန်ခဲ့သည်။

"ကျွန်တော်တို့ ဒီနေ့ ကမ်ပိန်းမှာ ပုသိမ်တက္ကသိုလ်က ဌာနပေါင်းစုံပါဝင်ပါတယ် ဒီကမ်ပိန်းကို လုပ်ဖို့ မည်သူတစ်ဦးတစ်ယောက်က တိုက်တွန်းခဲ့တာမျိုးလဲမရှိပါဘူး အကုန်လုံးက ကို့သဘောနဲ့ကိုယ် ပါဝင်ခဲ့ကြတာပါ။အဓိက ရည်ရွယ်ချက်ကတော့ အခုဖြစ်ပေါ်နေတဲ့ အာဏာသိမ်းမှု ဖြစ်ရပ်ကို မကြေနပ်လို့ လုပ်ကြတာပါ"ဟု ပုသိမ်တက္ကသိုလ် အင်္ဂလိပ်စာ ဌာနမှ ဆရာတစ်ဦးမှပြောသည်။

အလားတူ ယနေ့ ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ပုသိမ်ပညာရေး ဒီဂရီ ကောလိပ်၊ ပုသိမ်နည်းပညာတက္ကသိုလ် ၊ ပုသိမ်ကွန်ပြူတာ တက္ကသိုလ် ရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများမှ ဖဲကြိုးနီကမ်ပိန်းများပြုလုပ်ခဲ့ကြသည်ဟုသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly