Shop.com.mm ၏ အွန်လိုင်းစျေးရောင်းပွဲတော်နေ့တွင် အူရီဒူးက တစ်နေကုန် အင်တာနက် အခမဲ့သုံးခွင့်ပေးမည်

Shop.com.mm ၏ အွန်လိုင်းစျေးရောင်းပွဲတော်နေ့တွင် အူရီဒူးက တစ်နေကုန် အင်တာနက် အခမဲ့သုံးခွင့်ပေးမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၄ ။         ။ နိုဝင်ဘာ ၂၇ရက်တွင် ကျင်းပမည့် Shop.com.mm၏ အွန်လိုင်းဈေးရောင်းပွဲတော်ဖြစ်သည့် Black Friday ပွဲတော်တွင် သတ်မှတ်ထားသော ကုန်ပစ္စည်းများကို ၇၀%ထိ လျှော့ဈေးဖြင့် ရောင်းချသွားမည်ဟု Shop.com.mm၏ မန်နေဂျင်း ဒါရိုက်တာ Ms.Elin TORSTENSSON က နိုဝင်ဘာ ၂၄ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ Sule Shangri-La Hotel ရှိ ပင်းယခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါပွဲနေ့တွင် လူသုံးကုန် လျှပ်စစ်ပစ္စည်းများ နှင့် အလှကုန်ပစ္စည်းများကို ၇၀ရာခိုင်နှုန်းအထိ လျှော့ဈေးဖြင့် ရောင်းချမည်ဖြစ်သည်။ Black Friday တွင် Ooredoo Myanmar ၊ Maybelline NewYork နှင့် Phillips တို့ကလည်း ပါတနာအဖြစ် ဆောင်ရွက်ထားသည်။

Ooredoo Myanmar၏ လူမှုဆက်ဆံရေးဌာန အကြီးတန်းမန်နေဂျာနှင့် ပြောရေးဆိုခွင့်ရှိသူ ဒေါ်သီရိကြာညို က " ပြည်သူအားလုံး ဒီBlack Friday ပွဲတော်ကို ဆင်နွှဲနိုင်အောင် အဲ့နေ့မှာ Shop.com.mm ကို Ooredoo sim card ရဲ့အင်တာနက်နဲ့သုံးမယ်ဆိုရင် တစ်နေကုန် ဘယ်လောက်သုံးသုံး ဖုန်းဘေလ်မဖြတ်တဲ့ ဝန်ဆောင်မှုကို ပေးမှာဖြစ်ပါတယ်" ဟု သတင်းစာရှင်းလင်း ပွဲတွင်ပြောသည်။

နှစ်စဉ် နိုဝင်ဘာလတိုင်း၏ နောက်ဆုံးအပတ် သောကြာနေ့တွင် ကျင်းပလေ့ရှိသော Black Fridayပွဲတော်သည် အမေရိကန်နိုင်ငံတွင် စတင်ခဲ့ပြီး လက်ရှိတွင် ကမ္ဘာတစ်ဝှမ်း လုပ်ဆောင်နေပြီဖြစ်သည်။

စမတ်ဖုန်း နှင့် အင်တာနက် သုံးစွဲမှု မြင့်မားလာသည့် မြန်မာနိုင်ငံတွင်လည်း အွန်လိုင်းမှ တစ်ဆင့် မှာယူကာ အိမ်တိုင်ရာရောက်စနစ်ဖြင့် ဝယ်ယူရသည်ကို နှစ်ခြိုက်မှုများလာ၍ Black Friday ကို ကျင်းပခြင်းဖြစ်သည်ဟု Ms. Elinက ပြောသည်။

ဆက်လက်၍ Shop.com.mm ကိုစီမံခန့်ခွဲနေသည့် Daraz Group၏ CEO ဖြစ်သူ Dr.Jonathan DOERRက ဤBlack Friday ပွဲတော်ကို ကျင်းပရန် လေးလခန့် အချိန်ယူခဲ့ရသည်ဟု ဆိုသည်။

အာရှနိုင်ငံများတွင် အောင်မြင်ခဲ့သည့် Black Friday သည် မြန်မာနိုင်ငံတွင်လည်း အောင်မြင်ရန် မျှော်လင့်ထားသည်ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly