ဥပဒေမဲ့ ဖြစ်ပေါ်လာသည့်အစိုးရနှင့် ပူးပေါင်းလိုခြင်းမရှိ၍ ဧရာဝတီတိုင်းဒေသကြီး လူငယ့်ရေးရာကော်မတီကို ဖျက်သိမ်း ဟုဆို

ဥပဒေမဲ့ ဖြစ်ပေါ်လာသည့်အစိုးရနှင့် ပူးပေါင်းလိုခြင်းမရှိ၍ ဧရာဝတီတိုင်းဒေသကြီး လူငယ့်ရေးရာကော်မတီကို ဖျက်သိမ်း ဟုဆို

ပုသိမ်၊ ဖေဖော်ဝါရီလ ၅ ၊ ၂၀၂၁

ဧရာဝတီတိုင်းဒေသကြီး လူငယ့်ရေးရာကော်မတီကို ဖျက်သိမ်းသည်ဟု ဖေဖော်ဝါရီလ ၃ရက်နေ့တွင် ဦးမျိုးမင်းပိုင် ဧရာဝတီတိုင်းလူငယ်ရေးရာကော်မတီပြည်ထောင်စုကိုယ်စားလှယ် က ၎င်း၏ Online (အွန်လိုင်း)စာမျက်နှာတွင်ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် လူငယ့်ရေးရာကော်မတီမှ "နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် အ​​ခြား​ဖမ်းဆီးထားသောသူများသည် တရားမဲ့ ဖမ်းဆီး  ထိန်းသိမ်းခံခြင်းမျိုးဖြစ်ပြီး အမြန်ဆုံးပြန်လွှတ်ပေးရန်"၊"ဒီမိုကရေစီကိုသွေဖယ်သည့်လုပ်ရပ်မျိုးကို ရပ်တန့်ကာပြည်သူ့ ဆန္ဒသဘောထားကို တန်ဖိုးထားလေးစားပြီး လွှတ်တော်ခေါ်ယူပေးရန်"၊ "ယခုလုပ်ရပ်သည် မဲဆန္ဒရှင် ပြည်သူလူထုတစ်ရပ်လုံးအား စော်ကားသည့် လုပ်ရပ်ဖြစ်သည့်အပြင်နိုင်ငံတော်ပုန်ကန်မှု မြောက်သည်။ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဖြစ်ပေါ်လာသော အကျိုးဆက်များသည် အာဏာသိမ်းအစုအဖွဲ့၏ တာဝန်သာဖြစ်သည်" ဟု အရေးပေါ်ထုတ်ပြန်ကြေညာထားပါသည်။

"ကျွန်တော်တို့ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာလဲပါပါတယ် အဓိကကတော့ဒီလိုဥပဒေမဲ့ ဖြစ်ပေါ်လာတဲ့အစိုးရနဲ့ ပူးပေါင်းလိုခြင်းမရှိလို့ ကော်မတီကိုဖျက်သိမ်းတာပါ။လူငယ်ရေးရာကော်မတီမှာ လူငယ်က ၆၀ ရာခိုင်နှုန်း ဌာနဆိုင်ရာက ၄၀ ရာခိုင်နှုန်း နဲ့ဖွဲ့စည်းထားပါတယ် သို့သော်လည်းပဲ ရာခိုင်နှုန်း ၆၀ က ဖျက်သိမ်းဖို့အတည်ပြုတဲ့အတွက် ဖျက်သိမ်းတာဖြစ်တယ် ဒီလိုလုပ်လိုက်ခြင်းက ဖွဲ့စည်းပြီးသား မြို့နယ်ကော်မတီ ၁၇ ခုကိုလဲ ဖျက်သိမ်းပြီးသားဖြစ်တယ် ကော်မတီဝင်တွေလဲ နှုတ်ထွက်ပြီးသားဖြစ်တယ် မြန်မာတစ်နိုင်ငံလုံးမှာ လူငယ်အစည်းအရုံးတွေ ပြန်လည်ဖွဲ့စည်းပြီး လူငယ်ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီရရှိရေးကို ဆက်လက်တောင်ရွက်သွားပါမယ် "ဟု ဦးမျိုးမင်းပိုင်မှပြောသည်။

ဧရာဝတီတိုင်းဒေသကြီး လူငယ့်ရေးရာကော်မတီကို   ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ လတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၃.၂.၂၀၂၁ တွင် ဖျက်သိမ်းခဲ့သည်ဟု ဧရာဝတီတိုင်း လူငယ့်ရေးရာကော်မတီ၏ မှတ်တမ်းများအရသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly