စစ်အာဏာသိမ်းမှုအပေါ်ဝေဖန်ရာတွင်  ကုလလုံခြုံရေးကောင်စီက ရှားရှားပါးပါး တညီတညွတ်တည်း ကြေညာချက်ထုတ်ပြန် 

စစ်အာဏာသိမ်းမှုအပေါ်ဝေဖန်ရာတွင်  ကုလလုံခြုံရေးကောင်စီက ရှားရှားပါးပါး တညီတညွတ်တည်း ကြေညာချက်ထုတ်ပြန် 

ဖေဖော်ဝါရီ ၅ 

အမေရိကန်၊ တရုတ်နှင့် တခြားနိုင်ငံများပါဝင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များက မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆက်လက်ထောက်ခံအားပေးရန် လိုအပ်ကြောင်း အလေးထားပြောဆိုလျက် ထိန်းသိမ်းခံထားရသော ခေါင်းဆောင်များကို ချက်ချင်းလွှတ်ပေးရန် ကြာသပတေးနေ့က တောင်းဆိုလိုက်သည်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီ၏  ရှားရှားပါးပါး တညီတညွတ်တည်းတောင်းဆိုမှုဖြစ်သည်။  

လုံခြုံရေးကောင်စီထုတ်ပြန်ချက်၌ ဒီမိုကရေစီအဖွဲ့အစည်းများနှင့်လုပ်ငန်းစဉ်များကို ထိန်းသိမ်းရန်၊ အကြမ်းဖက်မှုမှ ရှောင်ရှားရန်နှင့် လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်နှင့် တရားဥပဒေစိုးမိုးရေးတို့ကို အပြည့်အဝ လေးစားရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ 

အမေရိကန်ကလည်း စစ်တပ်၏လုပ်ရပ်ကို စစ်အာဏာသိမ်းမှုအဖြစ် သတ်မှတ်ခဲ့ပြီး  နိုင်ငံခြားအကူအညီအထောက်အပံ့နှင့် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ်ရန် စဉ်းစားသည်အထိ ဖြစ်ခဲ့ရသည်။  

တရုတ်ကလည်း ၎င်းတို့သည် မြန်မာ၏ အိမ်နီးချင်းမိတ်ဆွေနိုင်ငံဖြစ်ပါကြောင်းနှင့် ကောင်စီအနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားများနှင့်အညီ ဆွေးနွေးရေးနှင့် သင့်မြတ်ရေးအတွက် တောင်းဆိုပါကြောင်း သီးခြားကြေညာချက်ထုတ်ပြန်ရင်း တရုတ်သံတမန်များသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ထုတ်ပြန်ချက်ကို ထောက်ခံခြင်းဖြင့် ဟန်ချက်ညီရန် ကြိုးစားခဲ့ကြသည်။  

"ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်တဲ့ ကြေညာချက်အပေါ် သဘောတူလိုက်ပြီး ဒီကနေ့မှာ နောက်ဆုံး ဆောင်ရွက်ချက်တစ်ခု လုပ်ဆောင်လိုက်တဲ့အတွက် မြန်မာပြည်သူတွေအတွက် စိတ်သက်သာရာရပါတယ်။ ဒါပေမယ့် မကြာသေးခင်က ကောင်စီရဲ့ သမိုင်းဝင်လိပ်ခဲတည်းလည်းအခြေအနေကြောင့် မျှော်လင့်ထားတဲ့ စံချိန်အနေအထားရောက်ဖို့ လိုအပ်နေပါသေးတယ်။ ဒီကြေညာချက်ကို တရားဝင် အကောင်အထည်မဖော်ဘူးဆိုရင်တော့ အဓိပ္ပါယ် မရှိပါဘူး" ဟုနယူးယောက်အခြေစိုက် နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေအဖွဲ့ Global Justice Center ၏ ဥက္ကဋ္ဌ Akila Radhakrishnan က ၎င်းတို့ထုတ်ပြန်ချက်တွင် ပြောထားသည်။  

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း စစ်အာဏာသိမ်းမှုကို လုံးဝလက်မခံနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီကို ကာကွယ်ပေးကြရန် နိုင်ငံတကာအား တိုက်တွန်းလိုက်သည်။  

ကြာသပတေးနေ့က မန္တလေးမြို့၌ လူအနည်းငယ်ပါဝင်သော ပထမဆုံးဆန္ဒပြမှု ဖြစ်ပွားပြီးနောက် ရန်ကုန်မြို့နေပြည်သူများသည် အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် တတိယမြောက်ညအဖြစ် တော်လှန်ရေးသီချင်းများဆိုကာ သံပုံးတီးကမ်ပိန်းပြုလုပ်ခဲ့ကြသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly