အမေရိကန် ဆန်ရှင်ချမှတ်လျင် မြန်မာကို တရုတ်ဘက်သို့ ပိုမိုတွန်းပို့သကဲ့သို့ ဖြစ်စေနိုင်

 အမေရိကန် ဆန်ရှင်ချမှတ်လျင် မြန်မာကို တရုတ်ဘက်သို့ ပိုမိုတွန်းပို့သကဲ့သို့ ဖြစ်စေနိုင်
Photo: EPA

ယခုအပတ်ထဲ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့သည့် မြန်မာနိုင်ငံအပေါ် အမေရိကန်ဘက်က အရေးယူဒဏ်ခတ်မှုများ ချမှတ်ပါက တရုတ်အတွက် အဆိုပါအရှေ့တောင်အာရှနိုင်ငံတွင် ယင်း၏ သြဇာအရှိန်အ၀ါကို ချဲ့ထွင်နိုင်ရန် တံခါးပွင့်သွားစေနိုင်ကြောင်း ပထ၀ီနိုင်ငံရေးဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း Stratfor မှ အကဲဖြတ်သုတေသီတစ်ဦးက ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် တနင်္လာနေ့က ဖြစ်ခဲ့သည့် စစ်တပ်အာဏာသိမ်းမှုအပေါ် ရှုတ်ချခဲ့ပြီး အရေးယူဒဏ်ခတ်မှုများ လုပ်မည်ဟု ခြိမ်းခြောက်ထားသည်။

ရွေးကောက်ပွဲ မဲမသမာမှုများ ရှိခဲ့၍ဟုဆိုပြီး မြန်မာ စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ရွေးကောက်ခံ ပုဂ္ဂိုလ်များကို ထိန်းသိမ်းပြီး အရေးပေါ် အခြေအနေ တစ်နှစ် ကြေညာခဲ့သည်။

အမေရိကန်သည် မြန်မာနိုင်ငံတွင် ကြီးမားသော စီးပွားရေး အကျိုးစီးပွား ရင်းနှီးမြှုပ်နှံမှု မရှိသော်လည်း ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယ ကဲ့သို့ ယင်း၏ အာရှဒေသ ပါတနာများသည် မြန်မာနိုင်ငံတွင် ယင်းတို့၏ စီးပွားရေးဆိုင်ရာ ရှိနေမှုများကို တိုးချဲ့ထားခဲ့ကြောင်း Stratfor မှ မဟာဗျူဟာ အကဲဖြတ်သုံးသပ်မှုဆိုင်ရာ အကြီးတန်းဒုဥက္ကဋ္ဌ ရော့ဂျာ ဘိတ်ကာက ပြောသည်။

မြန်မာနိုင်ငံတွင် ထို အာရှသုံးနိုင်ငံ၏ ရှိနေမှုက အရှေ့တောင်အာရှနိုင်ငံတွင် တရုတ်၏ “စီးပွားရေး ချုပ်ကိုင်မှု” ကို တန်ပြန်ရာတွင် အကူအညီဖြစ်ထားစေခဲ့ကြောင်း ဘိတ်ကာက ဗုဒ္ဓဟူးနေ့က CNBC ၏ “Squawk Box Asia” ကို ပြောခဲ့သည်။

“တကယ်လို့ အမေရိကန်က ဆန်ရှင်တွေ ချရင် ဒါက ဒေသတွင်းမှာ တရုတ်ရဲ့ ပြုမူလုပ်ဆောင်မှုကို တန်ပြန်ရာမှာ အမေရိကန် ပူးပေါင်းဆောင်ရွက်မှု ဖွဲ့စည်းတည်ဆောက်ပုံအပေါ်မှာ သက်ရောက်မှုတစ်ခု ရှိစေနိုင်ဖွယ် ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ဘိတ်ကာ၏ မှတ်ချက်စကားများမတိုင်မီ ဂျပန်နိုင်ငံကလည်း အလားတူ သတိပေးမှုများကို ထုတ်ထားခဲ့သည်။

အမေရိကန်၊ ယူကေနှင့် ဂျပန်အပါအ၀င် ဒီမိုကရေစီ နိုင်ငံများအနေဖြင့် မြန်မာ စစ်အာဏာသိမ်းမှုအပေါ် တုံ့ပြန်ရင်းနှင့် မြန်မာစစ်တပ်နှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပိတ်သွားပါက မြန်မာကို တရုတ်ဘက်သို့ ပိုမိုနီးကပ်အောင် တွန်းပို့လိုက်သကဲ့သို့ ဖြစ်မည့်အရေး ကြုံရနိုင်သည့် အခြေအနေရှိနိုင်ကြောင်း ဂျပန်၏ ကာကွယ်ရေးဒု၀န်ကြီး ယာဆုဟိဒဲ နာကာယာမာ က သတိပေးခဲ့သည်။

မြန်မာစစ်တပ်အပေါ် တင်းမာကြမ်းတမ်းသည့် လုပ်ဆောင်ချက်များ ချမှတ်လုပ်ဆောင်ရေး အမေရိကန်တွင်လည်း သမ္မတ ဘိုင်ဒင်အစိုးရကို တောင်းဆိုမှုများ တိုးမြင့်ဖြစ်ပေါ်ထားခဲ့သည်။

အမေရိကန်အနေဖြင့် အပြင်းထန်ဆုံး ဖြစ်နိုင်ဖွယ် ဆန်ရှင်များ ချမှတ်မှုကို လုပ်ဆောင်သင့်ကြောင်းနှင့် ရုရှားနှင့် တရုတ်တို့ အမှန်တကယ် ဗီတိုအာဏာဖြင့် ပယ်ချမည်လား သိရရန် ကုလသမဂ္ဂကနေတဆင့် လုပ်ဆောင်သည့် နည်းလမ်းအပါအ၀င် လုပ်သင့်ကြောင်း ဆိနိတ် ရီပတ်ဘလစ်ကန် ခေါင်းဆောင် မစ်ချ် မက်ကောနဲလ်က အင်္ဂါနေ့က ပြောခဲ့သည်။

မြန်မာနှင့်အကြား နယ်စပ်ချင်းထိစပ်လျက် ရှိသည့် တရုတ်သည် မြန်မာတွင် အဓိကရင်းနှီးမြှုပ်နှံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သလို အဓိက ကုန်သွယ်ဘက်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

အာဏာသိမ်းမှုနှင့်ပတ်သက်၍ ပေကျင်း၏ တုံ့ပြန်မှုက အသံမထွက်ဘဲ နှုတ်ဆိတ်နေခဲ့သည်။ “မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ထားတာတွေကို ကျွန်တော်တို့ ဂရုပြုထားမိပါတယ်” ဟု တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ၀မ် ၀မ်ဘင်းက အစောပိုင်းတစ်ရက် ၎င်း၏ ထုတ်ပြန်ချက်အတိုင်း ထပ်ခါ ပြောကြားခဲ့သည်။

သို့သော် “ နိုင်ငံတကာ အသိုင်းအ၀ိုင်းက လုပ်ဆောင်သည့် လုပ်ဆောင်ချက် မှန်သမျှသည် မြန်မာ၏ နိုင်ငံရေးနှင့် လူမှုဆိုင်ရာ တည်ငြိမ်မှုကို ထောက်ကူပံ့ပိုးသည့်၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးကို အားပေးသည့်၊ ပဋိပက္ခများ အရှိန်မြင့်တက်မှုနှင့် အခြေအနေများ ပိုမိုရှုပ်ထွေးစေမှုကနေ ရှောင်လွဲသည့် လုပ်ရပ်များ ဖြစ်သင့်ပါတယ်” ဟု ၎င်းက ပြောခဲ့ကြောင်း ၀န်ကြီးဌာန၏ ၀က်ဘ်ဆိုဒ်တွင် တင်ထားသည့် မှတ်တမ်းတစ်ခုအရ သိရသည်။

ပေကျင်းသည် တစ်ခါတစ်ရံ တစ်ပြိုင်နက်တည်းဆိုသလို နိုင်ငံများတွင် ဘက်ပေါင်းစုံ၌ ပါ၀င်ရင်း လက်တွေ့အောင်မြင်မှုတစ်ရပ် ရှိကြောင်း ဘိတ်ကာ က ပြောသည်။

မြန်မာတွင် တရုတ်သည် စစ်တပ်ကို တိုက်ခိုက်နေသည့် သူပုန်အုပ်စုများကို ထောက်ပံ့ပေးထားခဲ့သည်ဟု အဆိုရှိသလို တစ်ဘက်တွင်လည်း တရုတ်သည် သူပုန်များကို တိုက်ခိုက်နေသည့် စစ်တပ်ကို ထောက်ပံ့ပေးထားသည်ဟုလည်း ဘိတ်ကာက ပြောသည်။

တရုတ်အတွက်ကတော့ “အဲဒါက အကျိုးစီးပွား သက်သက်ပါပဲ၊ သူတို့ အခွင့်အလမ်း ဘယ်လို ရရှိမလဲ ဆိုတာပါပဲ၊ မြန်မာနိုင်ငံကို ဘယ်သူပဲ ဦးဆောင်ဦးဆောင် သူတို့ ဂရုမစိုက်ဘူးလို့ သူတို့ ဆက်ပြောနေပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ပေါ်‌ပေါက်လာသည့် အကျပ်အတည်းက တရုတ်၏ သြဇာ ကျယ်ပြန့်ထားခဲ့သည့် ဒေသတစ်ခုတွင် ဘိုင်ဒင်အတွက် အစောပိုင်း နိုင်ငံခြားရေးမူ၀ါဒဆိုင်ရာ စမ်းသပ်ချက်တစ်ခုအဖြစ် အသွင်ဆောင်နေသည်။

အမေရိကန်-တရုတ်အကြား တင်းမာမှုများသည် သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်အတွင်း အရှိန်မြင့်တက်ထားခဲ့ပြီး ယင်းသည် ဘိုင်ဒင် ဆက်ခံရယူကိုင်တွယ်ရသည့် အကြီးမားဆုံးသော မူ၀ါဒ စိန်ခေါ်မှုတွေအနက် တစ်ခုအဖြစ် ဆက်ရှိနေသည်။

နှစ်နိုင်ငံအကြား ပြိုင်ဆိုင်မှုက “မြန်မာ စစ်အာဏာသိမ်းမှုအပေါ် ၀ါရှင်တန်၏ တုံ့ပြန်မှုကို ပုံဖော်လိမ့်မည်” ဟု တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည့် Stratfor အစီရင်ခံစာတစ်ရပ်တွင် ပြောထားသည်။

ဆိုလိုရင်းအရ အိန္ဒိယ အကျိုးစီးပွား သို့မဟုတ် ဂျပန် အကျိုးစီးပွား သို့မဟုတ် တောင်ကိုရီးယား အကျိုးစီးပွားများအပေါ် သေချာပေါက် ဆိုးဆိုး၀ါး၀ါး ထိခိုက်စေခြင်း မရှိနိုင်စေရန်အလို့ငှာ ဘိုင်ဒင် လက်ထက် အမေရိကန်ဘက်က မြန်မာအပေါ် ချမှတ်သည့် လုပ်ဆောင်ချက်တိုင်းသည် “အလွန်တရာ စိစိစစ်စစ် ရွေးထုတ်” လုပ်ရမည် ဖြစ်ကြောင်း ဘိတ်ကာ က CNBC ကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly