စစ်အာဏာမသိမ်းခင် မြန်မာအား အမေရိကန်ဒေါ်လာ သန်း ၃၅၀ ပေးပို့ခဲ့သည့် IMF အဖို့ ပြန်ရငွေအတွက် စိုးရိမ်စရာဖြစ် 

စစ်အာဏာမသိမ်းခင် မြန်မာအား အမေရိကန်ဒေါ်လာ သန်း ၃၅၀ ပေးပို့ခဲ့သည့် IMF အဖို့ ပြန်ရငွေအတွက် စိုးရိမ်စရာဖြစ် 

ဖေဖော်ဝါရီ ၄  

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါတိုက်ဖျက်ရေးအတွက် နှောင်ကြိုးမဲ့ အရေးပေါ်အကူအညီအစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့သည့် သီတင်းပတ်က မြန်မာနိုင်ငံအား အမေရိကန်ဒေါ်လာ သန်း ၃၅၀ ပေးပို့ခဲ့သည်။  

ထိုသို့ပေးပို့ပြီး ရက်ပိုင်းအကြာ၌ စစ်ခေါင်းဆောင်များက အာဏာသိမ်းကာ ဒေါ်အောင်ဆန်းစုကြည်နှင့်တခြားရွေးကောက်ခံအရာရှိများအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုဖြစ်စဉ်ကို အာဏာသိမ်းမှုအဖြစ် သတ်မှတ်ခဲ့သည်။  

ထိုရန်ပုံငွေအား ဇန်နဝါရီ ၁၃ ရက်က IMF က အတည်ပြုခဲ့ခြင်းဖြစ်သည်။ အထူးကန့်သတ်ချက်များမရှိသည့် အားချင်းထောက်ပံ့ရေး ကိုဗစ်-၁၉ ရန်ပုံငွေအစီအစဉ် အစိတ်အပိုင်းဖြစ်သော ထိုငွေများကို IMF အနေဖြင့် ပြန်လည်ရယူနိုင်သည့်အခွင့်အလမ်း မရှိသလောက်နည်းသည်ဟု ငွေပေးချေမှုနှင့် ရမ်းနှီးကျွမ်းဝင်သော သတင်းရင်းမြစ်များနှင့် နိုင်ငံတကာငွေကြေးကျွမ်းကျင်သူများက ဆိုသည်။ 

ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ မြန်မာလူမျိုးတွေနဲ့ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုတွေကိုလည်း အလွန်တရာစိုးရိမ်မိပါတယ်” ဟု IMF ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာနသို့ အင်္ဂါနေ့က အီးမေးလ်မှတစ်ဆင့် ပြောကြားခဲ့ပြီး ငွေပေးချေမှုသည် ယခင်သီတင်းပတ်က ပြီးဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။  

ပြီးခဲ့သည့် သီတင်းပတ်က IMF သည် လျင်မြန်သော ချေးငွေအစီအစဉ် (Rapid Credit Facility) မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၁၆.၆ သန်းနှင့် လျင်မြန်သောဘဏ္ဍာရေးထောက်ပံ့မှုအစီအစဉ် (Rapid Financing Instrument) မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၂၃၃. ၄ သန်း အပါအဝင် ပြီးခဲ့သည့် ခုနစ်လအတွင်း အရေးပေါ်ကိုရိုနာဗိုင်းရပ်စ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ပေးအပ်ခဲ့သည်။  

အမေရိကန်သည် IMF တွင် ငွေကြေး အဓိကထည့်ဝင်သော နိုင်ငံဖြစ်သည်။ IMF ၏ ပုံမှန်ငွေကြေးအစီအစဉ်များနှင့်မတူသည့်အချက်မှာ ကိုရိုနာဗိုင်းရပ်စ်အရေးပေါ်အကူအညီကို လျင်မြန်စွာ ပေးပို့ပြီး တစ်ခါတရံ တစ်ကြိမ်တည်းအပြီး လွှဲခြင်းဖြစ်သည်။  

“ဒါဟာ စေ့စပ်ညှိနှိုင်းထားတဲ့ အစီအစဉ်မဟုတ်ပါဘူး။ ကန့်သတ်ချက်တွေလည်းမရှိပါဘူး။ သုံးသပ်ချက်တွေနဲ့ဆက်စပ်နေတဲ့ ငွေထုတ်ပေးမှုမျိုးလည်းမဟုတ်ပါဘူး။ IMF ဘုတ်အဖွဲ့က အတည်ပြုလိုက်တဲ့ ငွေကို ဘယ်နေရာမှာ ပြန်ရုပ်သိမ်းနိုင်တဲ့ဆိုတဲ့ ထုံးတမ်းအစဉ်ကိုတော့ မသိပါဘူး" ဟု ယခင် IMF စီးပွားရေးပညာရှင်နှင့် အမေရိကန် ဘဏ္ဍာရေးအရာရှိဟောင်းဖြစ်ပြီး ယခု ဝါရှင်တန် မဟာဗျူဟာနှင့် အပြည်ပြည်ဆိုင်ရာ လေ့လာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသူ Stephanie Segal က ပြောသည်။  

မြန်မာနိုင်ငံရှိ ဗဟိုဘဏ်သည် IMF ၏ မိတ်ဖက်ဖြစ်ပြီး ဗဟိုဘဏ်အနေဖြင့် နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် လွတ်လွတ်ကင်းကင်းရှိမည်ဟု မျှော်လင့်ရကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။  

သို့သော် အင်္ဂါနေ့က အာဏာသိမ်းစစ်တပ်က ဦးသန်းညိန်းကို  ဗဟိုဘဏ်ဥက္ကဋ္ဌသစ်အဖြစ် ခန့်အပ်လိုက်ပြီး ပြီးခဲ့သော စစ်အစိုးရလက်ထက် ၂၀၀၇-၂၀၁၃ အတွင်းက ၎င်း၏ ယခင်ရာထူးကို ပြန်လည်အပ်နှင်းလိုက်ခြင်းဖြစ်သည်။  

လွန်ခဲ့သော တစ်နှစ် ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ထောက်ပံ့ခဲ့သည့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုနှင့် ဖွံ့ဖြိုးရေးအလားအလာများ ကြီးမားသောဆုတ်ယုတ်မှုဖြစ်နိုင်ကြောင်း သတိပေးလိုက်ပြီး စစ်တပ်အာဏာသိမ်းမှုကို များစွာ စိုးရိမ်မိသည်ဟု တနင်္လာနေ့က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required