ဝူဟန်က ရောဂါပိုးမွှားဗေဒ ဓာတ်ခွဲခန်းဆီ WHO ပညာရှင်အဖွဲ့ ရောက်ရှိ

ဝူဟန်က ရောဂါပိုးမွှားဗေဒ ဓာတ်ခွဲခန်းဆီ WHO ပညာရှင်အဖွဲ့ ရောက်ရှိ
Photo - AFP

ဖေဖော်ဝါရီ ၃

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကို ရှာဖွေဖော်ထုတ်မယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က စုံစမ်းစစ်ဆေးရေးပညာရှင်အဖွဲ့ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့က ဓာတ်ခွဲခန်းတစ်ခုဆီ ဗုဒ္ဓဟူးနေ့မှာ ရောက်ရှိပါတယ်။

အခု ရောက်ရှိတယ်ဆိုတဲ့ ဝူဟန်က ရောဂါပိုးမွှားဗေဒ ဓာတ်ခွဲခန်းဟာ ကိုရိုနာဗိုင်းရပ်စ် ရင်းမြစ်ခံရာ ဖြစ်နိုင်တယ်ဆိုပြီး အမေရိကန်တာဝန်ရှိသူတွေက ယူဆထားတဲ့ ဓာတ်ခွဲခန်းပဲ ဖြစ်ပါတယ်။

ကမ္ဘာမှာ အန္တရာယ်အများဆုံး ရောဂါပိုးတွေကို သုတေသနပြုနေတဲ့ ဝူဟန် ရောဂါပိုးမွှားဗေဒအသင်း ဓာတ်ခွဲခန်းကို ခုလို စစ်ဆေးဖို့ ရောက်ရှိတာဟာ ကိုဗစ်-၁၉ ကပ်ဘေးရဲ့ မူလဇစ်မြစ်ကို ပညာရှင်အဖွဲ့ စုံစမ်းဖော်ထုတ်ရေးမှာ အထူးစောင့်ကြည့်ရမယ့် စုံစမ်းစစ်ဆေးမှုပဲ ဖြစ်ပါတယ်။

ကပ်ဘေး ပထမနှစ် တစ်လျှောက်လုံး တရုတ်က ကြန့်ကြာအောင် လုပ်ဆောင်ထားတဲ့ အကဲဆတ်တဲ့ အခု စုံစမ်းရေးမစ်ရှင်မှာ ကိုရိုနာဗိုင်းရပ်စ်က တိရစ္ဆာန်ကနေ လူဆီ ဘယ်လို ကူးစက်သလဲဆိုတာကို စုံစမ်းဖော်ထုတ်ဖို့ အခွင့်အာဏာ ရှိထားပါတယ်။

ဒါပေမဲ့ အချိန်တော်တော်လေး ကြာပြီးမှ ခုလို ရောက်ရှိစုံစမ်းရတာ ဖြစ်တဲ့အတွက် ပညာရှင်တွေအနေနဲ့ စုံစမ်းဖော်ထုတ်တာတွေကို လုပ်ဆောင်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။

ပညာရှင်အဖွဲ့ရဲ့ ယာဉ်တန်းဟာ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း မြူနှင်းထုကြားမှာပဲ ဓာတ်ခွဲခန်းဝင်းအတွင်း ဝင်ရောက်သွားတာကို မြင်တွေ့ရပါတယ်။ ပထမဆုံး ကားပေါ်က ပညာရှင်တွေဟာ သတင်းထောက်တွေကို ခေတ္တသာ တွေ့ဆုံပြီး မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။

ပညာရှင်အဖွဲ့အနေနဲ့ အတော်လေး အကျိုးရှိမဲ့ နေ့တစ်နေ့ကို မျှော်လင့်ထားပြီး သိချင်သမျှကို မေးမြန်းစုံစမ်းသွားမှာ ဖြစ်တယ်လို့ WHO အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပီတာဒက်စ်ဇက်က ပြောပါတယ်။

ဝူဟန်ကနေ စတင်ပေါ်ပေါက်ဖြစ်ပွားပြီး ကမ္ဘာအနှံ့မှာ လူပေါင်း နှစ်သန်းကျော် သေဆုံးရတဲ့ ကိုဗစ်-၁၉ ဟာ လင်းနို့တွေကနေ အရင်းခံပြီး အခြား တိရစ္ဆာန်တစ်ကောင်ကောင်ကနေ လူဆီ ကူးစက်လာတာဖြစ်နိုင်တယ်ဆိုပြီး သိပ္ပံပညာရှင်တွေက ယူဆထားတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီ ယူဆချက်အတွက် တိကျတဲ့ အဖြေကတော့ လက်ရှိအထိ ရှိမလာသေးပါဘူး။

ကပ်ဘေး အစောပိုင်းက မှန်းဆထင်မြင်ချက်တွေအရတော့ ဗိုင်းရပ်စ်ဟာ ဝူဟန်က ဓာတ်ခွဲခန်းတစ်ခုကနေ မတော်တဆ ပြင်ပကို စိမ့်ထွက်ပျံ့နှံ့ခဲ့တာလို့ ယူဆချက်တွေ ရှိနေပေမဲ့ ဒီအတွက်လည်း သက်သေအထောက်အထား ထွက်ပေါ်လာသေးခြင်း မရှိသေးကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly