မြန်မာတွင် အာဏာသိမ်းပြီးနောက် Bridgefy အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲမှုအကြိမ်ပေါင်း သန်းချီ ရှိ

မြန်မာတွင် အာဏာသိမ်းပြီးနောက် Bridgefy အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲမှုအကြိမ်ပေါင်း သန်းချီ ရှိ

ဖေဖော်ဝါရီ ၃

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် တနင်္လာနေ့က စစ်တပ်က အာဏာသိမ်းပြီး အင်တာနက်လိုင်းများ ယာယီပြတ်တောက်ခဲ့ပြီးနောက် အော့ဖ်လိုင်း မက်ဆေ့ချ်ပေးပို့မှု အက်ပလီကေးရှင်းတစ်ခု ဖြစ်သည့် Bridgefy ကို ဒေါင်းလုပ်ဆွဲမှုအကြိမ်ပေါင်း တစ်သန်းကျော်အထိ ရှိခဲ့ကြောင်း အဆိုပါ အက်ပလီကေးရှင်း၏ နောက်ကွယ်ရှိ ကုမ္ပဏီက ပြောကြားခဲ့သည်။

Bridgefy အက်ပလီကေးရှင်းသည် ပြီးခဲ့သည့် ၂၀၂၀ က ဟောင်ကောင် ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများအတွင်း လူကြိုက်များမှုကို ရရှိထားခဲ့သည်။

ထို အက်ပလီကေးရှင်း၏ နောက်ကွယ်ရှိ မက္ကဆီကို startup အစပျိုးလုပ်ငန်းက တွစ်တာတွင် ပြောကြားရာတွင် မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် “ခက်ခဲသည့် အချိန်ကာလများ” အတွင်း ယင်း၏ အက်ပလီကေးရှင်း၏ အသုံးတည့်ပုံကို သိရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောခဲ့သည်။

မြန်မာတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် ခေါင်းဆောင်များ ဖမ်းဆီးခံခဲ့ရပြီးနောက် အဓိက မြို့ ရန်ကုန်၊ မြို့တော် နေပြည်တော် နှင့် နိုင်ငံ၏ အခြားသော နေရာဒေသများတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း အဆက်အသွယ်များ ပြတ်တောက်ခဲ့သည်။

တနင်္လာနေ့ ညနေစောင်းတွင် အဆက်အသွယ်လိုင်းများ ပြန်ရခဲ့သော်လည်း မြန်မာနိုင်ငံရှိ တက်ကြွလှုပ်ရှားသူများက နောက်ထပ် ဖြစ်နိုင်ဖွယ် ပိတ်ချမှုများအတွက် ဖြေရှင်းချက်နည်းလမ်းတစ်ခုအဖြစ် Bridgefy ကို ဒေါင်းလုပ်ဆွဲရန် တိုက်တွန်းခဲ့သည်ကို ရိုက်တာက တွေ့မြင်ခဲ့သည့် ဆိုရှယ်မီဒီယာပို့စ်များအရ သိရသည်။

တနင်္လာနေ့နှင့် အင်္ဂါနေ့ ညနေခင်းအကြား ထို အက်ပလီကေးရှင်းကို အကြိမ်ပေါင်း ၁ ဒသမ ၁ သန်း ကျော် ဒေါင်းလုပ်ဆွဲထားခဲ့ကြောင်း စီအီးအို ဂျော့ဂျ် ရီယို့စ်က ရိုက်တာကို ပြောသည်။ မြန်မာနိုင်ငံတွင် ခန့်မှန်းခြေအားဖြင့် ဆိုရှယ်မီဒီယာ အသုံးပြုသူပေါင်း ၂၂ သန်းခန့် ရှိနေသည်။

Bridgefy ၏ ငွေကြေးထောက်ပံ့သူများထဲတွင် တွစ်တာ ပူးတွဲတည်ထောင်သူ ဘစ်ဇ် စတုန်းလည်း ပါ၀င်နေသည်။ အဆိုပါ အက်ပလီကေးရှင်းကို ထိုင်းနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး စုဝေးပွဲများ၌လည်း အသုံးပြုထားခဲ့ကြသည်။ Bridgefy အက်ပလီကေးရှင်းသည် Bluetooth (ဘလူးတု) ကို အခြေခံသည့် အက်ပလီကေးရှင်းအချို့အနက် တစ်ခုဖြစ်ပြီး ယင်းသည် mesh networks များကို အသုံးပြုပြီး အင်တာနက် ကော်နက်ရှင် အဆက်အသွယ် မရှိဘဲဖြင့် အသုံးပြုသူ (user) များကို ဆက်သွယ်၍ ရစေနိုင်သည်။

ယင်းတို့သည် ကမ္ဘာတစ်၀န်း လူကြိုက်များမှုကို ရရှိထားပြီး အထူးသဖြင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများနှင့် အင်တာနက်၀န်ဆောင်မှု ထောက်ပံ့သူလုပ်ငန်းများအပေါ် ကန့်သတ်ချက်များ ချမှတ်သည့် သမိုင်းကြောင်းရှိသော နိုင်ငံများတွင် လူကြိုက်များသည်။ သို့သော်လည်း ယင်းတို့သည် ထိုးဖောက်ခံရနိုင်သည့် အခြေအနေရှိနိုင်ပြီး အသုံးပြုသူများ စောင့်ကြည့်ခံရနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့ရနိုင်မှုအပေါ် လုံခြုံရေး ကျွမ်းကျင်ပညာရှင်များ၏ စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။

ရိုက်တာ၏ မေးခွန်းတစ်ခုကို တုံ့ပြန်ဖြေဆိုရာတွင် Bridgefy က ယင်းအနေဖြင့် လုံခြုံရေးဆိုင်ရာ လုပ်နည်းစနစ်များကို ပိုမိုကောင်းမွန်တိုးတက်အောင် လုပ်ထားကြောင်းနှင့် အသုံးပြုသူများအကြား တိုက်ရိုက်မက်ဆေ့ချ်များကိုလည်း ၀ှက်စာသွင်းမှု လုပ်ဆောင်ထားသည်ဟု ပြောခဲ့သည်။

အလားတူ နည်းပညာများ သုံးသည့် အခြားသော အက်ပလီကေးရှင်းများထဲတွင် goTenna နှင့် Briar တို့ ပါ၀င်နေပြီး လက်ရှိအချိန်တွင် ခေတ်ကုန်သွားပြီဖြစ်သည့် Bluetooth Firechat အက်ပလီကေးရှင်းကိုမူ အီရန်နှင့် အီရတ်ရှိ ယခင်အတိတ်ကာလ ဆန္ဒပြပွဲများအတွင်းက အသုံးပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly