အာဏာသိမ်းအစိုးရအပေါ် ပြည်တွင်းပြည်ပတုန့်ပြန်ချက်များ 

03 February 2021
အာဏာသိမ်းအစိုးရအပေါ် ပြည်တွင်းပြည်ပတုန့်ပြန်ချက်များ 

တနင်္လာနေ့တုန်းက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းလုပ်ရပ်အပေါ် ဆန့်ကျင်တဲ့အနေနဲ့ ပြည်တွင်းမှာတော့ ပြည်သူတွေက အနုနည်းနဲ့ ဆန္ဒပြမှုတွေကို လူမှုကွန်ယက်မှာရော၊အပြင်မှာပါ လုပ်နေကြပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်း လူမှုကွန်ယက် လှုပ်ရှားမှုတွေရှိသလို ကျန်းမာရေးဌာနကအပါအဝင် ဝန်ထမ်းတချို့ကလည်း အလုပ်မသွားဘဲနဲ့ အနုနည်းနဲ့ ဆန္ဒပြမှုကို စလုပ်လာကြပါတယ်။ ဖယောင်းတိုင်ထွန်းဆန္ဒပြမှု၊သံဗုံးခေါက်ကြွေးကြော်ဆန္ဒပြမှုတွေကိုလည်း ကြားနေရတာပါ။ ဒါကတော့ ပြည်တွင်းက ပြည်သူတွေရဲ့တုန့်ပြန်မှုတချို့ပါ။ နိုင်ငံတကာကတော့ စစ်အာဏာသိမ်းလုပ်ရပ်ကို ဝေဖန်ရှုတ်ချနေပါတယ်။ အမေရိကန်အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာတော့ တပ်မတော်စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမချဆိုတာကို အမေရိကန်အစိုးရသုံးသပ်နေကြောင်း ပြောသွားပါတယ်။ ၂၀၁၃ မှာ စတင်ဖယ်ရှားခဲ့တဲ့ မြန်မာအပေါ် အမေရိကန်က ချမှတ်ခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ တဖန် ပြန်ချမယ်ဆိုရင်တော့ မြန်မာနဲ့အမေရိကန်ကြား ကုန်သွယ်ရေးသဘောတူညီမှုနဲ့ပုံမှန်ချိတ်ဆက်ဆောင်ရွက်မှုတွေ ရပ်သွားမှာ ဖြစ်ပြီး မြန်မာနဲ့ အမေရိကန်ကြား ကုန်သွယ်ရေးလည်း သိသိသာသာကျဆင်းသွားမယ့်အကြောင်း ပညာရှင်တွေက သတ်ပေးထားပါတယ်။ ဒါကတော့ စစ်အာဏာသိမ်းမှုအပေါ် နိုင်ငံတကာရဲ့တုန့်ပြန်ချက်ပါ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly