ပြည်သူများကို မူလအစီအစဉ်အတိုင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်မှန်းထားဟုဆို

ပြည်သူများကို မူလအစီအစဉ်အတိုင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်မှန်းထားဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂  

ပြည်သူများကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကိုဗစ်ကာကွယ်ဆေးစတင်ထိုးပေးရန် စီစဉ်ထားပြီး ဖြစ်သဖြင့် မူလအစီအစဉ်အတိုင်း ထိုးနှံပေးနိုင်ရန် ရည်မှန်းထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက မဇ္ဈိမကို ပြောသည်။   

“ကျွန်မတို့ကတော့ အစကတည်းက ကာကွယ်ဆေးထိုးမယ့် အစီအစဉ်ကို ဝန်ကြီးဌာနအနေနဲ့ တင်ပြပြီးတော့ ထိုးဖို့ အစီအစဉ်က ဆွဲပြီးသားပါ။ အဲ့ဒီတော့ အဲ့ဒီအတိုင်းပဲ ဆက်ထိုးသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 

မူလက ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြည်သူများကို ဦးစားပေးအုပ်စုအလိုက် ကိုဗစ်ကာကွယ်ဆေးစထိုးပေးမည် ဖြစ်ပြီး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်အစိုးရအဖွဲ့ဝင်များကိုလည်း ပြည်သူနှင့်အတူ ကာကွယ်ဆေးထိုးပေးရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။  

ဒေါက်တာထားထားလင်းက “အခုဟာ ကျွန်မတို့ကတော့ ပေးတဲ့စာရင်းအတိုင်း လာမယ့် ၅ ရက်နေ့မှာ ရမယ့် စာရင်းအတိုင်း ဆေးထိုးပေးသွားတော့မှာပေါ့နော်” ဟု ပြောသည်။  

ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အတွင်း ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်ရန်စီစဉ်ထားသော်လည်း လက်ရှိအချိန်တွင် ဝန်ကြီးဌာနဘက်မှ တစ်စုံတစ်ရာ ညွှန်ကြားမှု မရှိသေးကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။  

“ကျွန်တော်တို့ကိုတော့ ဝန်ကြီးဌာနက ဘာမှ ပရိုဂရမ်တွေ ချပြထားတာ မရှိသေးပါဘူးခင်ဗျ။ သူတို့ ချပြပေးတဲ့အတိုင်း ကျွန်တော်တို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်ခင်ဗျ။ လောလောဆယ်အထိတော့ ကာကွယ်ဆေးထိုးဖို့ရှိတယ်လို့ သိထားပါတယ်။ စီစဉ်ထားတာက လစဉ် ၅ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကာကွယ်ဆေးထိုးဖို့ မှာထားတာပါ” ဟု ပြောသည်။  

အိန္ဒိယနိုင်ငံက လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိူးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက ဦးစားပေးအလိုက် ထိုးပေးခဲ့ခြင်း ဖြစ်သည်။  

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညပိုင်း အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁၄ဝ၀၀၀ကျော်နှင့် သေဆုံးသူစုစုပေါင်း ၃၀၀၀ ကျော် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required