စီရော်နယ်ဒိုကို ရောင်းချရန်အစီအစဉ်မရှိကြောင်းနှင့် ဘင်နီတက်ဇ်ကို ထောက်ခံကြောင်း ရီးယဲလ်ဥက္ကဋ္ဌပြော

စီရော်နယ်ဒိုကို ရောင်းချရန်အစီအစဉ်မရှိကြောင်းနှင့် ဘင်နီတက်ဇ်ကို ထောက်ခံကြောင်း ရီးယဲလ်ဥက္ကဋ္ဌပြော

မက်ဒရစ်၊ နိုဝင်ဘာ ၂၄ ။              ။ ရီးယဲလ်အသင်း၏ ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က အသင်း၏အဓိက တိုက်စစ်ကစားသမား စီရော်နယ်ဒိုကို ရောင်းချရန် အစီအစဉ် မရှိကြောင်းနှင့် နည်းပြ ရာဖေးလ်ဘင်နီတက်ဇ်ကို အပြည့်အဝထောက်ခံကြောင်း ပြောဆိုလိုက်သည်။

လာမည့်နွေရာသီအပြောင်းအရွှေ့တွင် စီရော်နယ်ဒိုကို ရီးယဲလ်အသင်းကရောင်းချတော့မည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ဥက္ကဋ္ဌပီရက်ဇ်က ပြောသည်။ စီရော်နယ်ဒိုကို ပီအက်စ်ဂျီအသင်းက ခေါ်ယူရန် ချိတ်ဆက်နေကြောင်းနှင့် ပရီးမီးယားလိဂ်သို့ ပြန်တော့မည်ဆိုသည့် သတင်းများထွက်ပေါ်လျက်ရှိသည်။

ထို့ကြောင့် ပီရက်ဇ်က 'ကျွန်တော့်နေရာတည်မြဲဖို့ ရော်နယ်ဒိုကိုရောင်းချမယ်ဆိုပြီး ပြောနေကြပါတယ်။ ရော်နယ်ဒိုကိုရောင်းချဖို့ နေ့လည်စာ ဆွေးနွေးပွဲတွေမှာ ဆွေးနွေးနေတယ်ဆိုပြီး ဂျာနယ်လစ်တွေက ပြောနေကြတာတွေကလည်း ကျွန်တော့်ကို တကယ်စိတ်ရှုပ်နေပါတယ်။ ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌနဲ့ရော အေးဂျင့်ဂျော့မန်ဒက်စ်နဲ့ပါ ဘယ်တုန်းကမှ ဒီအကြောင်းကို ညစာစားပြီး မဆွေးနွေးဖူးပါဘူး။

စီရော်နယ်ဒိုဟာ နည်းပြအပါအဝင် အသင်းက ဘယ်သူနဲ့မဆို ဘယ်တုန်းကမှ ဆန့်ကျင်ပြောဆိုတာမျိုးမရှိပါဘူး။ နေ့တိုင်းပဲ မမှန်ကန်တဲ့ ပုံပြင်တွေကို ကျွန်တော်ရှင်းလင်းနေရပါတယ်' ဟု ပြောသည်။

ထို့အပြင် ဖလော်ရင်တီနိုပီရက်ဇ်က နည်းပြ ဘင်နီတက်ဇ်သည် ကစားသမားများ၊ အသင်းဒါရိုက်တာများအပါအဝင် အထူးအားဖြင့် မိမိနှင့်အလွန်အဆင်ပြေသူဖြစ်ကြောင်း ပြောသည်။ ရော်နယ်ဒိုက သူနှင့် ဘင်နီတက်ဇ်တို့ နှစ်ဦးမှ တစ်ဦးကို အသင်းမှ ထုတ်ပယ်ရန် တောင်းဆိုခဲ့သည်ဆိုသော သတင်းများမှာလည်း မဟုတ်မှန်ကြောင်း ပီရက်ဇ်က ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly