နိုင်ငံခေါင်းဆောင်များနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို လွှတ်ပေးရန် KNU တောင်းဆို 

နိုင်ငံခေါင်းဆောင်များနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို လွှတ်ပေးရန် KNU တောင်းဆို 
Photo - AFP

ဖေဖော်ဝါရီ ၂၊ ၂၀၂၁ 

တပ်မတော်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ အပါအဝင် ဖမ်းဆီးခံထားရသူတွေ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ 

တပ်မတော်က နိုင်ငံတော် အာဏာကို သိမ်းလိုက်တာဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ကြီးမားစွာ အဟန့်အတားဖြစ်စေပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာတဲ့ လုပ်ငန်းစဉ်အပေါ် လေးနက်မှု မရှိတာကို ပြသလိုက်တာ ဖြစ်တယ်လို့လည်း KNU က ဆိုပါတယ်။ 

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးပြီး နိုင်ငံတော်အာဏာကို သိမ်းလိုက်တဲ့အပေါ် အထူးစိုးရိမ်မိကြောင်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU)  အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနဲ့ အတူတကွ ရပ်တည်သွားမှာ ဖြစ်ကြောင်းလည်း ရေးသားထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly