အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက အခြေအနေများကို နိုင်ငံခြားကုမ္ပဏီများ အကဲဖြတ်ရန် ကြိုးပမ်း

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက အခြေအနေများကို နိုင်ငံခြားကုမ္ပဏီများ အကဲဖြတ်ရန် ကြိုးပမ်း
Myanmar protesters residing in Japan hold photos of Aung San Suu Kyi as they rally against Myanmar's military in Tokyo, Japan, Feb 1, 2021. (Photo: Reuters)

ဖေဖော်၀ါရီ ၂

ဂျပန် လက်လီလုပ်ငန်းကုမ္ပဏီ Aeon ၊ တောင်ကိုရီးယား ကုန်သွယ်လုပ်ငန်းကုမ္ပဏီ POSCO International နှင့် နော်ဝေ၏ Telenor အပါအ၀င် နိုင်ငံခြားကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ဖေဖော်၀ါရီ ၁ ရက်က အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်ခဲ့သော ၀ရုန်းသုန်းကား အခြေအနေများကို အကဲဖြတ်ချင့်တွက်ရန် ကြိုးပမ်းခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော ဒေါ်အောင်ဆန်းစုကြည် အစိုးရကို စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီမှ အခြားခေါင်းဆောင်များကို ယမန်နေ့ မနက်ပိုင်းက စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

၂၀၁၅ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲ အပြတ်အသတ်အနိုင်ရပြီး ရာစုနှစ်၀က်အတွင်း ပထမဆုံးသော အရပ်သားအစိုးရကို ဖွဲ့စည်းထူထောင်ခဲ့ပြီးနောက်ပိုင်း ဂျပန်၏ Kirin Holdings အပါအ၀င် နိုင်ငံစုံ အခြေစိုက်သည့် အဓိကကုမ္ပဏီကြီးများသည် မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ထားခဲ့ကြသည်။

ရိုဟင်ဂျာ (မူရင်း) မွတ်ဆလင် လူနည်းစု နှိပ်စက်ညှဥ်းပန်းခံရမှုနှင့်ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတစ်ချို့က သတိထား စောင့်ကြည့်ခဲ့သော်လည်း ကုမ္ပဏီအများအပြားသည် လူဦးရေ သန်း ၅၀ ကျော်ရှိ ထွန်းသစ်စ စျေးကွက်တစ်ခုရှိ မြန်မာနိုင်ငံတွင် ဆက်ရှိနေခဲ့ကြသည်။

အာဏာသိမ်းသည့် နေ့က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း အဆက်အသွယ်များ ပြတ်တောက်ခဲ့ပြီးနောက် ၀န်ထမ်းများနှင့် အဆက်အသွယ်ရရန် အပြင်းအထန် ကြိုးပမ်းခဲ့ရကြောင်း ဂျပန် မော်တော်ကားအစိတ်အပိုင်းထုတ်လုပ်ငန်း Denso Corp မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ အလားတူ လာမည့် ၂၀၂၃ တွင် မြန်မာနိုင်ငံ၌ ရှော့ပင်းမောလ်တစ်ခု ဖွင့်လှစ်ရန် စီစဥ်ထားသော Aeon ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ပြည်တွင်းရှိ ၀န်ထမ်းများနှင့်အကြား အင်တာနက်ကနေတစ်ဆင့် နောက်ဆုံးတွင် အဆက်အသွယ်ရခဲ့ကြောင်းနှင့် အခြေအနေကို စောင့်ကြည့်နေခဲ့ကြောင်း ပြောခဲ့သည်။

စင်ကာပူ၏ ပြည်ပ-တရုတ် ဘဏ်လုပ်ငန်းကော်ပိုရေးရှင်း (OCBC)နှင့် အိမ်ခြံမြေ လုပ်ငန်းအုပ်စု Yoma Strategic Holdings အပါအ၀င် အခြားသော နိုင်ငံခြားကုမ္ပဏီများကလည်း ယင်းတို့ လုပ်ငန်းများတွင် ပြတ်တောင်း ပြတ်တောင်းဖြစ်သည့် အလျဥ်ပြတ်တောက်မှုများ ရှိခဲ့သည်ဟု ပြောခဲ့ပြီး တစ်ချို့ကလည်း ယင်းတို့၏ ရုံးများကို ပိတ်ခဲ့ကြသည်။

“မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းအဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်နဲ့အညီ ဒီကနေ့မှာ ကျွန်မတို့ရဲ့ ရန်ကုန်ဘဏ်ခွဲကို ပိတ်ထားခဲ့ပါတယ်၊ ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံး ဘေးကင်းလုံခြုံတယ်ဆိုတာကို ကျွန်မတို့ အတည်ပြုထားပါတယ်” ဟု စင်ကာပူ၏ United Overseas Bank ဘဏ်မှ ‌ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံရှိ တောင်ကိုရီးယား ၀န်ထမ်းများ နေအိမ်ကနေသာ အလုပ်လုပ်ကြရန် တိုက်တွန်းအကြံပြုထားပြီး ကုမ္ပဏီအ‌နေဖြင့် ဖြစ်ပေါ်နေသည့် အခြေအနေများကို အနီးကပ် စောင့်ကြည့်နေကြောင်း POSCO International က ပြောသည်။

နော်‌ဝေ၏ တယ်လီကွန်း ၀န်ဆောင်မှုလုပ်ငန်းကုမ္ပဏီ Telenor ကလည်း ယင်းအနေဖြင့် လက်ရှိ အခြေအနေနှင့်ပတ်သက်ပြီး အလွန် စိုးရိမ်ပူပန်နေသည်ဟု ပြောခဲ့သည်။

“မြန်မာနိုင်ငံက မိုဘိုင်းကွန်ရက် အဆက်အသွယ်လိုင်းတွေ ကျခဲ့ပါတယ်၊ အခြေအနေက ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး” ဟု ယင်းက ပြောသည်။

အာဏာသိမ်းမှုက ဘီယာထုတ်လုပ်သူ Kirin အပေါ်တွင် ဖိအားများ ပိုမို ကျရောက်စေခဲ့သည်။ Kirin ၏ ပြည်တွင်း ပါတနာလုပ်ငန်း ဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ (MEHL) ၏ ပိုင်ရှင်များသည် မြန်မာစစ်တပ်၏ အဖွဲ့၀င်များ ဖြစ်ကြောင်း ကုလသမဂ္ဂက ဖော်ထုတ်ခဲ့ပြီးနောက် Kirin သည် မြန်မာနိုင်ငံရှိ ယင်း၏ လုပ်ငန်းနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်မှုများ လုပ်ဆောင်ထားခဲ့သည်။

မြန်မာစစ်တပ်သည် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အခြား စစ်ရာဇ၀တ်မှုများ ကျူးလွန်ထားကြောင်း စွပ်စွဲခံထားခဲ့ရသည်။ မြန်မာသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး ငြင်းဆန်ပြီး ယင်း၏ စစ်တပ်သည် ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့သည့် ရိုဟင်ဂျာ သောင်းကျန်းသူများအပေါ် တရား၀င်ဖြစ်သော စစ်ဆင်ရေးများ ‌ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

အခြေအနေကို စောင့်ကြည့်နေကြောင်းနှင့် မြန်မာနိုင်ငံရှိ ယင်း၏ လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ရပ်ကို ဧပြီလကုန်မတိုင်မီ ချမှတ်သွားရန် စီစဥ်ထားဆဲ ဖြစ်ကြောင်း Kirin ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ MEHL ၏ စစ်တပ်နှင့် ဆက်နွယ်ပတ်သက်မှုများနှင့်ပတ်သက်ပြီး တတိယအဖွဲ့အစည်း (third-party) စုံစမ်းစစ်ဆေးမှုတစ်ခုကလည်း “မရေရာသော” ရလဒ်များသာ ထွက်ရှိထားစေခဲ့သည်ဟု ယင်းက မကြာသေးခင်က ပြောခဲ့သည်။

မြန်မာနိုင်ငံသည် Kirin ၏ ကမ္ဘာတ၀န်း ဘီယာရောင်းချမှုများ၏ ၅ ရာခိုင်နှုန်း လျော့လျော့ခန့်သာ စာရင်းပေါက်သော်လည်း ယင်းသည် Kirin ၏ ကြီးထွားလာနေသည့် အနည်းငယ်သော စျေးကွက်များအနက် တစ်ခု ဖြစ်နေသည်။

ယခုလက်ရှိတွင် တိုးပွားလာနေသော အများပြည်သူ ဆက်ဆံရေး ဆိုင်ရာ စိုးရိမ်ရသည့် အန္တရာယ်တစ်ခု ရှိနေကြောင်း ဂျပန် ကုမ္ပဏီများနှင့်ပတ်သက်ပြီး ပြောကြားရာ၌ ၀ါရင့် အများပြည်သူ ဆက်ဆံရေးဆိုင်ရာ အတိုင်ပင်ခံ ဘော့ဘ် ပစ်ခ်ကာ့ဒ်က ပြောခဲ့သည်။

“ဂျပန်ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခဲ့ကြတယ်၊ အထူးသဖြင့်တော့ စစ်တပ်နဲ့ အချိတ်အဆက် ရှိနေတဲ့ ကုမ္ပဏီတွေအနေနဲ့ ခုချိန်မှာ လက်ရှိ ဖြစ်စဥ်တွေက သူတို့အတွက် ဘယ်လို အဓိပ္ပါယ်သက်ရောက်သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ရာမှာ မြန်ဆန်မှု ရှိဖို့ လိုနေပါပြီ” ဟု ဂျပန်တွင် နှစ်များစွာကြာ အလုပ်လုပ်ခဲ့သည့် ပစ်ခ်ကာ့ဒ်က ပြောသည်။

“ဒီကနေ့မှာ ဖြစ်ပျက်ခဲ့တာတွေအပေါ် ပြစ်တင်ရှုတ်ချဖို့ နှေးကွေးနေခဲ့ကြတဲ့ ဂျပန်ကုမ္ပဏီတွေအတွက်ကတော့ ‘အခက်အခဲ အချို့ ရှိပေမယ့် လုပ်ငန်းကို ပုံမှန်အတိုင်း ဆောင်ရွက်နေတယ်’ ဆိုတာက အများပြည်သူ ဆက်ဆံရေးဆိုင်ရာ ဘေးဒုက္ခတစ်ခုနဲ့ပတ်သက်တဲ့ ကြီးမားတဲ့ အန္တရာယ်တစ်ခုကို ဖြစ်ပေါ်စေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required