ရုရှားမှာ အတိုက်အခံသမား နာဗယ်နီကိုလွှတ်ပေးဖို့တောင်းဆိုဆန္ဒပြသူ ၄ ၈၀၀ ထက်မနည်း ထိန်းသိမ်းခံရ

ရုရှားမှာ အတိုက်အခံသမား နာဗယ်နီကိုလွှတ်ပေးဖို့တောင်းဆိုဆန္ဒပြသူ ၄ ၈၀၀ ထက်မနည်း ထိန်းသိမ်းခံရ
Photo - AFP

ဖေဖော်ဝါရီ ၂

ရုရှားနိုင်ငံမှာ တနင်္ဂနွေနေ့က ဝေဖန်ရေးသမား အလက်ဇီနာဗယ်နီကို လွှတ်ပေးဖို့တောင်းဆိုတဲ့ ဆန္ဒပြမှုတွေကို ရဲတွေက အကြီးအကျယ်နှိမ်နင်းခဲ့ပြီး ရုရှားနိုင်ငံတစ်လွှား ဆန္ဒပြသူ ၄ ၈၀၀ ထက်မနည်းကို ထိန်းသိမ်းခဲ့ကာ မော်စကိုမြို့လယ်ကိုလည်း အသွားအလာပိတ်ထားခဲ့ပါတယ်။

ဆန္ဒပြသူထောင်ပေါင်းများစွာဟာ သမ္မတ ဗာဒီမာပူတင်ရဲ့ အထင်ရှားဆုံးအတိုက်အခံကို ဖမ်းဆီးတဲ့အပေါ်  ဒုတိယမြောက်ရက်သတ္တပတ်အဖြစ် ဆန္ဒပြတဲ့အနေနဲ့ ဗလာဒီဗော့စတော့ကနေ စိန့်ပီတာစဘတ်မြို့အထိ စုဝေးဖို့ အာဏာပိုင်တွေရဲ့ သတိပေးချက်ကို ဖီဆန်ခဲ့ကြတာဖြစ်ပါတယ်။

ရုရှားကို ဝေဖန်တဲ့အတွက် ဩဂုတ်လတုန်းက အဆိပ်ခတ်ခံခဲ့ရတဲ့ နာဗယ်နီဟာ နေပြန်ကောင်းလာပြီး ဂျာမနီကနေ ရုရှားကို ပြန်လာရာမှာ ဇန်နဝါရီလလယ်က မော်စကိုလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာဖြစ်ပါတယ်။

အနောက်နိုင်ငံတွေက လွှတ်ပေးဖို့ တောင်းဆိုနေကြပေမယ့် အကျင့်ပျက်ခြစားမှုကိုဆန့်ကျင်သူ အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့  နာဗယ်နီကို မော်စကိုထိန်းသိမ်းရေးစင်တာမှာ ထိန်းသိမ်းထားပါတယ်။

နာဗယ်နီဟာ အမျိုးမျိုးသော ရာဇဝတ်မှုတွေအတွက်  နှစ်ပေါင်းများစွာ ထောင်ဒဏ်ချမှတ်ခံရမယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။ 

​မော်စကိုမှာ နှစ်ပေါင်းများစွာ မတွေ့ရတဲ့ လှုပ်ရှားမှုအဖြစ် အာဏာပိုင်တွေဟာ တနင်္ဂနွေနေ့က မော်စကိုမြို့လယ်ကို လော့ဒေါင်းချထားပြီး လမ်းတွေနဲ့ ဘူတာတွေမှာ ရဲတပ်ဖွဲ့ရာပေါင်းများစွာ တပ်ဖြန့်ထားကာ အသွားအလာတွေကို တားမြစ်ထားပါတယ်။

ဆန္ဒပြပွဲစီစဉ်သူတွေက စုရုံးမဲ့နေရာနဲ့ပတ်သက်ပြီး နောက်ဆုံးပိတ်အချိန်မှာ အပြောင်းအလဲတွေ ပြုလုပ်ခဲ့တာကြောင့် ရုရှားထောက်လှမ်းရေးဌာန FSB ဌာနချုပ်ပြင်ပမှာ စုဝေးဖို့ စီစဉ်ထားတဲ့ ဆန္ဒပြသူတွေဟာ မြို့ရဲ့ နေရာအနှံ့အပြားတွေမှာ လူစုကွဲသွားခဲ့ပါတယ်။ 

AFP ရဲ့ သတင်းအရ ရဲတွေက ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာ ထိန်းသိမ်းပြီး အချုပ်ကားတွေနဲ့ ခေါ်သွားတယ်လို့ ဆိုပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly