စစ်အာဏာသိမ်းတဲ့မြန်မာအပေါ် အရေးယူဒဏ်ခတ်မှုတွေချက်ချင်းလုပ်ဆောင်မယ်လို့  အိမ်ဖြူတော်ထုတ်ပြန် 

စစ်အာဏာသိမ်းတဲ့မြန်မာအပေါ် အရေးယူဒဏ်ခတ်မှုတွေချက်ချင်းလုပ်ဆောင်မယ်လို့  အိမ်ဖြူတော်ထုတ်ပြန် 
Photo - AFP

ဖေဖော်ဝါရီ  ၂  

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က မြန်မာစစ်တပ်အာဏာသိမ်းမှုကို ချက်ချင်းပြန်စွန့်လွှတ်ဖို့ တနင်္လာနေ့မှာ တိုက်တွန်းပြောဆိုလိုက်ပြီး  ဒီမိုကရေစီကူးပြောင်းရေးကာလအတွင်း ရုပ်သိမ်းပေးခဲ့တဲ့ အရေးယူဒဏ်ခတ်မှုတွေကို ပြန်လည်ချမှတ်ဖို့ သုံးသပ်လုပ်ဆောင်သွားမယ်လို့ တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။ 

မြန်မာစစ်တပ်သိမ်းယူလိုက်တဲ့အာဏာကို ချက်ချင်းပြန်စွန့်လွှတ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တညီတညွတ်တည်း ဖိအားပေးသင့်တယ်လို့ ဘိုင်ဒင်ရဲ့ အိမ်ဖြူတော်ထုတ်ပြန်ချက်ကို ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆားကီးက ဖတ်ပြခဲ့တာဖြစ်ပါတယ်။ 

အမေရိကန်ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း မြန်မာရဲ့ ဒီမိုကရေစီတိုးတက်မှုအပေါ်အခြေခံပြီး အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခဲ့တယ်လို့ ဘိုင်ဒင်ကပြောပါတယ်။ 

ဒီတိုးတက်မှုကို ပြောင်းပြန်လုပ်လိုက်တဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာဥပဒေတွေနဲ့ အမိန့်အာဏာတွေကို သုံးသပ်ဖို့ လိုအပ်လာပြီး နောက်ပိုင်းမှာ သင့်တော်တဲ့အရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ ဘယ်လိုတိုက်ခိုက်မှုတွေပဲကြုံနေရပါစေ အမေရိကန်အနေနဲ့ ဒီမိုကရေစီအတွက် ထောက်ခံပေးသွားမှာဖြစ်တယ်လို့ ဘိုင်ဒင်က ပြောပါတယ်။  

ဘိုင်ဒင် ဒု-သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်သမ္မတအိုဘားမားလက်ထက်မှာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုဟာ အစပိုင်းမှာ အောင်မြင်တဲ့ဖြစ်စဉ်အဖြစ် ရှုမြင်ခဲ့ကြပြီး တရုတ်ရဲ့ နှောင်ဖွဲ့မှုမှ ကင်းကွာကာ ဒီမိုကရေစီလမ်းကြောင်းသို့ ဦးတည်နေတဲ့ နိုင်ငံအဖြစ် ရှိနေခဲ့ပါတယ်။ 

ဒါပေမယ့် ရိုဟင်ဂျာမွတ်စလင်အရေးနဲ့ပတ်သတ်ပြီး အနောက်နိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့နှုတ်ဆိတ်နေမှုအပေါ်  ဝေဖန်ခဲ့ကြပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပါတီဟာ နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရရှိပြီးတဲ့နောက် သူမနဲ့တခြားနိုင်ငံရေးသမားတွေဟာ တနင်္လာနေ့က စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရပါတယ်။ 

အမေရိကန်က ခုလို ခက်ခဲတဲ့အချိန်ကာလမှာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သူများကို သတိပြုမိပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီ ပြန်လည်အသက်သွင်းဖို့ အထောက်အကူပြုရေးသာမက မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ပြောင်းပြန်ဖြစ်စေသူတွေကို တာဝန်ယူမှုရှိစေဖို့ ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝှမ်းရှိ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဘိုင်ဒင်က ပြောပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly