မြန်မာစစ်တပ်အာဏာသိမ်းမှုအပေါ် ကမ္ဘာတစ်လွှားရှိအစိုးရများက ရှုတ်ချ  

မြန်မာစစ်တပ်အာဏာသိမ်းမှုအပေါ် ကမ္ဘာတစ်လွှားရှိအစိုးရများက ရှုတ်ချ  

ဖေဖော်ဝါရီ ၁ 

မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေးသမားများကိုဖမ်းဆီးကာ တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် မြန်မာ့ဒီမိုကရေစီကို ပြန်လည်အပ်နှင်းရန် အမေရိကန်ဦးဆောင်၍ ကမ္ဘာ့တစ်လွှားရှိအစိုးရများက တိုက်တွန်းပြောဆိုလိုက်သည်။  

အမေရိကန် 

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆားကီးက ယခုကဲ့သို့ ကြိုးပမ်းသည့်လုပ်ရပ်များ နောက်ကြောင်းပြန်မလှည့်ပါက ယင်းအတွက် တာဝန်ရှိသူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပြောဆိုထားသည်။  

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ၏ ရလဒ်များကို ပြောင်းလဲစေသော မည်သည့်ကြိုးပမ်းအားထုတ်မှုမျိုးကို မဆို ကန့်ကွက်သွားမည်ဟု ဂျန်ဆားကီးက ထပ်လောင်းပြောဆိုထားသည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီသည် အဆိုပါရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သော်လည်း ရှုံးခဲ့သောတပ်မတော်ကျောထောက်နောက်ခံပြုပါတီက မဲမသမာမှုများရှိကြောင်း စွပ်စွဲပြောဆိုခဲ့သည်။  

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် အန်တိုနီဘလစ်ကင်ကလည်း အစိုးရတာဝန်ရှိသူများအားလုံးနှင့် အရပ်ဖက်ခေါင်းဆောင်များကို ပြန်လွှတ်ပေးရန်နှင့် နိုဝင်ဘာ ၈ ရက် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွင် ထုတ်ဖော်ပြသပြီးဖြစ်ကြသည့် မြန်မာနိုင်ငံသားများ၏ဆန္ဒကို လေးစားလိုက်နာရန် တပ်မတော်အား တိုက်တွန်းပြောဆိုလိုက်သည်။  

အာဏာမသိမ်းမီ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်ခဲ့စဉ် အမေရိကန်က တခြားသောအနောက်နိုင်ငံများနှင့်အတူ ဇန်နဝါရီ ၂၉ ရက် ထုတ်ပြန်ချက်၌ တပ်မတော်အား ဒီမိုကရေစီစံနှုန်းများကို လိုက်နာရန် တိုက်တွန်းခဲ့သည်။  

ဩစတြေးလျ 

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး က တပ်မတော်အား တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာရန်၊ တရားဥပဒေနှင့်ညီသော ယန္တရားများမှတစ်ဆင့် အငြင်းပွားမှုများကို ဖြေရှင်းရန်၊ ဥပဒေနှင့်ဆန့်ကျင်စွာ ထိန်းသိမ်းခံထားရသော အရပ်သားခေါင်းဆောင်များနှင့် အခြားသူများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။  

အိန္ဒိယ 

အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနကလည်း ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်ပြောင်းလဲမှုများအတွက် အလွန်တရာစိုးရိမ်မိပါကြောင်း၊ အိန္ဒိယသည် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ကို စွဲစွဲမြဲမြဲ ထောက်ခံခဲ့ပါကြောင်းနှင့် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်ကို ထိန်းသိမ်းရမည်ဟု ယုံကြည်ပါကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ကုလသမဂ္ဂ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် တခြားခေါင်းဆောင်များအား တပ်မတော်က ထိန်းသိမ်းလိုက်ခြင်းအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချပါကြောင်း ပြောဆိုခဲ့သည်။ 

“ဒီဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ်ထိုးနှက်လိုက်တာပါပဲ” ဟု ပြောရေးဆိုခွင့်ရှိသူ စတက်ဖ်နီဒူဂျာရစ်က ထုတ်ပြန်ချက်၌ ပြောဆိုခဲ့သည်။  

စင်္ကာပူ 

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၏နောက်ဆုံးအခြေအနေများကို များစွာစိုးရိမ်မိကြောင်းနှင့် ပါတီများအားလုံး တည်တည်ငြိမ်ငြိမ်နှင့်ဖြတ်သန်းနိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံအတွင်းရှိ စင်္ကာပူနိုင်ငံသားများကိုလည်း ပြောင်းလဲနေသောအခြေအနေကြောင့် သတိရှိရှိနေကြရန် မှာကြားထားသည်။  

ကနေဒါ  

ကုလသမဂ္ဂဆိုင်ရာ ကနေဒါသံအမတ်ကြီး ဘော့ရေးက “ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာစစ်တပ်က ရေးဆွဲထားတဲ့အတွက် ခုလို လုပ်နိုင်တာပါ” ဟု တွစ်တာ၌ ရေးသားခဲ့သည်။  

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်အာဏာကို ခိုင်မာစွာ အမြစ်တွယ်နေစေဖို့နဲ့ ကာကွယ်ဖို့ အထူးရေးဆွဲထားတာဖြစ်ပါတယ်” ဟု ဘော့ရေးက ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly