တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည့်အဖွဲ့ကို တပ်မတော် ပြင်ဆင်ဖွဲ့စည်း 

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည့်အဖွဲ့ကို တပ်မတော် ပြင်ဆင်ဖွဲ့စည်း 

ဖေဖော်ဝါရီ ၁၊ ၂၀၂၁ 

တနိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး သဘောတူညီမှု (NCA) စာချုပ်တွင် လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆက်လက် ဆွေးနွေးဖို့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီတစ်ရပ်ကို ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ တပ်မတော်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့က ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ဦးစီးပြီး အဖွဲ့ဝင် လေးဦးနဲ့ ဖွဲ့စည်းခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို ယနေ့ တပ်မတော်က အာဏာသိမ်းကြောင်း ကြေညာပြီးနောက်ပိုင်း အသစ်ပြန်လည် ဖွဲ့စည်းလိုက်တာလည်း ဖြစ်ပါတယ်။ 

တပ်မတော်က အခု အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီ ဥက္ကဋ္ဌအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ဆက်လက် တာဝန်ယူထားပြီး အဖွဲ့ဝင် စုစုပေါင်း ခုနှစ်ဦးနဲ့ ဖွဲ့စည်းထားတယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ 

ငြိမ်းချမ်းရေး ကော်မတီအနေနဲ့ NCA ထိုးပြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ခိုင်မာအောင် ဆွေးနွေးကာ NCA မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း လက်မှတ်ရေးထိုးလာတဲ့အထိ ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly