ရူးသွပ်သော တနင်္လာ

ရူးသွပ်သော တနင်္လာ

ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ ခုနှစ် နံနက်ခင်းက အခြားသော နံနက်များလိုပင် အိပ်ကောင်းလှသည်။ သို့သော်  ကျွန်တော့်ဆီ အင်တာနက်ဖုန်းခေါ်သံမြည်လာတော့ အရေးကြီးအခြေအနေမို့ ဗြုန်းကနဲထထိုင်ပြီး စစ်လိုက်တော့ အာဏာသိမ်းပြီဆိုတော့ သတင်းစကားကို မက်ဆင်ဂျာမှာတွေ့လိုက်ရသည်။ ဒီအဖြစ်အပျက်ကို ထင်မှတ်မထားပါ။ မဇ္ဈိမရုပ်မြင်သံကြားလိုင်းကို ထုတ်လွှင့်မရအောင်လုပ်ထားလိုက်ကြသည်ကိုတွေ့ရသည်။

သတင်းတွေစစ်ကြည့်လိုက်တော့ VOA မြန်မာပိုင်းအစီအစဉ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က အာဏာသိမ်းပြီဆိုတာကို အတည်ပြုထားသည်။ အင်တာနက်လိုင်းတွေ နှေးနေသည်။ နိုင်ငံပိုင် မြန်မာ့အသံက "လတ်တစ်လောတွင် ဆက်သွယ်မှု အခက်အခဲများကြောင့် မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့် မြန်မာ့အသံ ရေဒီယို အစီအစဉ်များ ပုံမှန် ထုတ်လွှင့် နိုင်မှု မရှိပါသေးကြောင်း ရိုသေစွာ အစီရင်ခံ တင်ပြအပ်ပါသည်" ဟု ရေးသားထားသည်။ ဒါဆိုသေချာသထက်သေချာပြီ။ အာဏာသိမ်းပြီ။

 နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် အစိုးရအရာရှိကြီးများ၊ အန်အယ်ဒီပါတီထိပ်တန်းခေါင်းဆောင်များကို ဖမ်းဆီးထားလိုက်ပြီဟု ယေဘုယျကောက်ချက်ချမိသည်။ ဖေ့စ်ဘွတ်လူမူကွန်ရက်စာမျက်နှာတွင်လည်း နိုင်ံငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၏ အဖမ်းခံရသော ဇနီးမယားများနှင့် ဆွေမျိုး၊ မိတ်ဆွေအသိုင်းအဝိုင်းက ရေးသားထားသည်များကိုလည်းတွေ့ရသည်။ 

အာဏာသိမ်းဖို့ပြင်နေခဲ့တာကို ခန့်မှန်းခဲ့ကြသည်။ သို့သော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှပင်လုပ်ဆောင်သွားမည်ဟု ဆိုခဲ့သည်။ အာဏာသိမ်းဖို့ကြံစည်တာကနေ နောက်ဆုတ်သွားခဲ့ပြီဟု မြင်ခဲ့ကြသည်။ နိုင်ငံရေးကိုနိုင်ငံရေးနည်းနှင့်ဖြေရှင်းမည်၊ စစ်အာဏာသိမ်းတာ တိုင်းပြည်အတွက် ဆိုးကျိုးချည်းပဲမို့ အာဏာသိမ်းဖို့ကြံစည်တာ ရူးမိုက်ခြင်းလို့ပဲ တွက်ဆခဲ့မိသည်။ အခုတော့ ရူးသွပ်သော တကယ်ကိုပဲ နံနက်ခင်းဖြစ်ခဲ့ပြီ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly