အစိုးရအသစ် ဖွဲ့စည်းရေး ဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်မည်ဟု NLD ပြော

အစိုးရအသစ် ဖွဲ့စည်းရေး ဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်မည်ဟု NLD ပြော
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

ဇန်နဝါရီ ၃၁၊ ၂၀၂၁

၂၀၂၀ ပြည့်နှစ် အ‌ထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို ဖြေရှင်းပေးရန်နှင့် တတိယအကြိမ် လွှတ်တော်ကို မခေါ်ယူချိန် ဒုတိယ အကြိမ်လွှတ်တော်ကို ပြန်ခေါ်ယူရန် ဖိအားပေး တောင်းဆိုမှုများ ရှိနေသော်လည်း တတိယအကြိမ် လွှတ်တော်ခေါ်ယူပြီး အစိုးရသစ်ဖွဲ့စည်းရေးကို ဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က မဇ္ဈိမကို ပြောသည်။

ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်တစ်ရပ်ကို ခေါ်ယူရမည်ဖြစ်ပြီး လွှတ်တော် မခေါ်ယူရေး တောင်းဆိုမှုသည် ပြည်သူလူထု၏ ဆန္ဒကို အပေးအယူ လုပ်ရန်အတွက် ဖိအားပေး တောင်းဆိုနေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၉၀ အတွင်းမှာ ကျွန်တော်တို့က လွှတ်တော်ကို ခေါ်ယူရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီတောင်းဆိုမှုတွေဟာ ဥပဒေကို ကျော်လွန်ပြီးလုပ်ဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒကို အပေးအယူ လုပ်ဖို့အတွက် ဖိအားပေး တောင်းဆိုနေတာ ဖြစ်ပါတယ်” ဟု ဒေါက်တာ မျိုးညွန့်က ပြောသည်။

တပ်မတော်အနေဖြင့် လက်နက် ကိုင်ဆောင်ထားသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာရန် လိုအပ်ပြီး ဥပဒေကို မလေးစား၊ မလိုက်နာလျှင် ဖျက်ပစ်ရမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သင်တန်းသား အရာရှိကြီးများအား ပြောကြားချက်အပေါ် အဖွဲ့အစည်းတချို့နှင့် မီဒီယာများက လိုရာဆွဲ ပြောဆိုရေးသားနေကြသည်ကို တွေ့ရကြောင်း တပ်မတော်က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် စွပ်စွဲသတင်းထုတ်ပြန်သည်။

ထိုထုတ်ပြန်ချက်တွင် တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပြီး ဥပဒေဘောင်အတွင်းက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်၏ ထုတ်ပြန်ချက်အပေါ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ မျိုးညွန့်က အပြုသဘောဆောင် ရှုမြင်ကြောင်း ပြောသည်။

“နိုင်ငံတော်အာဏာကို ထိန်းသိမ်းမယ့် အလားအလာ ရှိတယ်ဆိုတဲ့ စကားမျိုးထက်စာရင် အခုလို တည်ဆဲဥပဒေတွေနဲ့အညီ ဆောင်ရွက်မယ်ဆိုတာက ပိုမိုကောင်းမွန်တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့က လက်ရှိဥပဒေတွေကို လေးစားလိုက်နာရမယ်။ ဒါပေမယ့် ဒီမိုကရေစီကို တကယ်တမ်း ယုံကြည်တယ်ဆိုရင်တော့ ဦးဆုံး စဉ်းစားရမှာက ပြည်သူလူထု အကျိုးပဲ” ဟု ဒေါက်တာ မျိုးညွန့်က ပြောသည်။

အစိုးရသစ်ဖွဲ့စည်းရေးနှင့် တတိယအကြိမ် လွှတ်တော်ခေါ်ယူခါနီး အချိန်တွင် ရန်ကုန်မြို့ အပါအဝင် မြို့ကြီးတချို့တွင် တပ်မတော်ကို ထောက်ခံပွဲနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကို ကန့်ကွက်ကြောင်း ဆန္ဒပြပွဲများကို ယခုရက်ပိုင်းအတွင်း အရှိန်မြှင့် ဆက်တိုက်တွေ့လာရပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုလည်း ရှိလာသည်။

၂၀၂၀ ရွေးကောက်ပွဲအလွန် အစိုးရသစ် ဖွဲ့စည်းတော့မည့်အချိန် ဖြစ်ပေါ်နေသော နိုင်ငံရေး တင်းမာမှု အခြေအနေများကို ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ညှိနှိုင်းအဖြေရှာကြရန် ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့ အပါအဝင် မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းများကလည်း ကြေညာချက် ထုတ်ပြန် တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly