မြန်မာနိုင်ငံနဲ့ မျိုးဆက်သစ်တို့ အနာဂတ်

မြန်မာနိုင်ငံနဲ့ မျိုးဆက်သစ်တို့ အနာဂတ်
ပုံ- နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကိုတွေ့ရစဉ် (ပုံ- သမ္မတရုံး)

မဇ္ဈိမ၊ ဇန်နဝါရီ ၂၉ 

မြန်မာနိုင်ငံသည် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများနှင့် နိုင်ငံရေး သဘောတရားများ ကွဲလွဲခြင်းမှ  ဖြစ်ပေါ်ခဲ့ သော အခြေအနေများကြောင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဆိုသော အဆင့်ကို မတည်ဆောက် နိုင်ဘဲ အဘက်ဘက်က အောက်တန်း နောက်တန်း ကျနေခဲ့သည်။

ထိုနောက် လူသားအရင်းအမြစ်များ ပြုန်းတီးလာခဲ့ပြီး နိုင်ငံအတွင်းမှာ အသက်ကြီး ရွယ်အိုနှင့် ကလေးငယ် များသာ ကျန်ရှိကာ နိုင်ငံတော် တည်ဆောက်ရေးမှာ အားအဖြစ် အသွင်ပြောင်းလဲ၍ မရဘဲ ဖြစ်နေသည်။

အားကောင်း မောင်းသန်၊ သန်မာဖျတ်လျတ်ပြီး ကိုယ်စွမ်း ဉာဏ်စွမ်းရှိကြသည့် လူငယ် အရင်းအမြစ်များသည် မြန်မာနိုင်ငံအတွင်းက ဆင်းရဲမွဲတေမှုများ အပါအဝင် ပြည်တွင်းစစ် ဒဏ်၊ အလုပ်အကိုင် ရှားပါးမှု၊ လယ်ယာ စိုက်ပျိုးရေးများ ပြုန်းတီးမှု၊ ပညာရေ နိမ့်ပါးမှု၊ အသက်မွေးဝမ်းကြောင်း အတတ်ပညာများ တက်မြောက်ခြင်း အားနည်းမှု စသည့် အခြေအနေများကြောင့် ပြည်ပနိုင်ငံများသို့ ပညာတော်သင် သွားရောက်ခြင်းဖြင့် လည်း ကောင်း၊ အလုပ်လုပ်ကိုင်ခြင်းဖြင့် လည်းကောင်း ရောက်ရှိနေကြသည်။

ဤသို့ လူငယ် အရင်းအမြစ်များ မြန်မာနိုင်ငံအတွင်း မရှိဘဲ ပြည်ပ နိုင်ငံများသို့ ရောက်ရှိကာ ပြည်ပနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချခံနေရပြီး မိမိ မူရင်းနိုင်ငံ (မြန်မာနိုင်ငံ)အတွက်မူ လူသားအရင်းအမြစ် ဆုံးရှုံး မှု ဒဏ်ကို ခံနေရသည်။ထို့မှတဆင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်အဖြစ် တည်ဆောက်ရေး အလှမ်း ဝေး နေခဲ့သည်။

အဆိုပါ ပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် မြန်မာနိုင်ငံသည် တည်ငြိမ် အေးချမ်းရေး တည်ဆောက်ရန် လိုအပ်သလို၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရန် လိုအပ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ချောမွေ့ရန် လိုအပ်သည်။

ပုံ -နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း သဘောထား ထုတ်ဖော် နေကြ သူများ(ပုံ- AFP)

အလားတူ စစ်အာဏာသိမ်းမှုများဖြင့် စစ်အာဏာရှင်များ မွေးထုတ်ပေးလေ့ရှိသော နိုင်ငံရေး ယဉ်ကျေးမှုများ အဆုံးသတ်ရန်လည်း လိုအပ်ပေသည်။ ဒီမိုကရက်တစ် အင်အားစုများကလည်း မိမိ နိုင်ငံရေး ထောက်ခံမှု ရရှိရေးအတွက် အများစု မနှစ်သက်သော အာဏာသိမ်းမှုဖြင့် ကြုံတွေ့ရနိုင်သည်ကို ကယ်တင်နေရသည် ဆိုသော အခြေအနေမျိုးဖြင့် လက်ခုပ်သံများရရှိရေး (သို့မဟုတ်) သူရဲကောင်းပုံရိပ် တည်ဆောက်နိုင်ရေး  မကြိုးပမ်းသင့်ပေ။

လတ်တလော မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေသည် အထက်ပါ အခင်းအကျင်းများကို တည်တည် ငြိမ်ငြိမ် ဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း မရှိသေးဘဲ အာဏာသိမ်း လာမည်ကို စိုးရိမ် ကြောက်ရွံ့ခြင်းဖြစ် တိုင်းပြည်ကို မောင်းနှင် နေကြရသည်။

ထို့နောက် အပြန်အလှန် ထောက်ခံပွဲများဖြင့် တိုင်းပြည် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားအောင် လုပ်နေ ကြသလို ပြည်ထောင်စုစိတ်ဓာတ် ပျက်ပြားပြီး ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး အိပ်မက်များ အဆုံး သတ်သွားရေး ကြိုးပမ်းနေကြ သကဲ့သို့ ဖြစ်လာနေကြသည်ကို သတိပြုရန်လိုအပ်သည်။

လက်ရှိ မြန်မာ့နိုင်ငံရေးကို အဆုံးအဖြတ် ပေးနိုင်သော နေရာများတွင် တည်ရှိနေသည့် အကြီးအကဲ (လူကြီး) များ အနေဖြင့် မိမိတို့ တစ်ဦးတည်း၊တစ်ယောက်တည်း၊ တစ်ဖွဲ့တည်းအတွက် ကြည့်ကာ တိုင်းပြည် အနာဂတ် ကို မတည်ဆောက်စေလိုပဲ အနာဂတ် မျိုးဆက်သစ်များ၏ ရှေ့ရေးကို မျှော်တွေး၍ လတ်တလော ဖြစ်ပွားနေ သော နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းကြရန် လိုသည်။ 

ပုံ -တပ်မတော်အား ထောက်ခံကြောင်း သဘောထားထုတ်ဖော်နေကြသူများ (ပုံ-AFP)

အမျိုးဆက်သစ် လူငယ်များ၏ အနာဂတ်သည် လူကြီးများအပေါ်တွင် မူတည်နေခြင်းကလည်း လုံးဝ မဖြစ်သင့် မဖြစ်ထိုက်ပေ။ လူကြီးများ၏ ဆုံးဖြတ်ချက် မှားယွင်းခြင်း၊ လူကြီးများ၏ ဖြေရှင်းပုံ နည်းလမ်းများ မှားယွင်းမှုများ ဖြစ်ပါက လူငယ် မျိုးဆက်သစ်များ၏ အနာဂတ်ကို ထိခိုက်မည်။

လူငယ် မျိုးဆက်များသည် သူတို့၏ အနာဂတ်ကို လူကြီးများကပဲ ဆုံးဖြတ်နေခြင်းအပေါ် လုံးဝ လက်သင့်ခံကြ မည် မဟုတ်ဘဲ သူတို့ အနာဂတ်ကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိသင့်သည်။ လူငယ်များ၏ မြန်မာနိုင်ငံကို ဘယ်လို တိုင်းပြည်မျိုး တည်ဆောက်လိုသည်ဆိုသော ဆန္ဒများကို နားထောင်သင့်ပါသည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံ၏ အနာဂတ်သည် လူကြီးများ၏ ဖြေရှင်းပုံ ရလဒ်တစ်ခု၏ လက်တကမ်း အလိုမှာ ရောက်နေပြီ ဖြစ်သည့်အတွက် လူငယ် မျိုးဆက်သစ်များ၏ အနာဂတ်ကို မျှော်တွေးကာ လတ်တလော နိုင်ငံ ရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် လိုအပ်သည်။

သို့မဟုတ်ပါက မြန်မာနိုင်ငံ ရင်ဆိုင်နေရသော လူသား အရင်းအမြစ်များ ယခုထက် ပိုမို ပြုန်းတီးသွားနိုင်သလို ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများလည်း ယခုထက် ပိုမို ပြင်းထန်လာနိုင်ပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ယခုထက် ပိုမို နိမ့်ကျသွားနိုင်ပါသည်။ 

ပုံ - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များကိုတွေ့ရစဉ် (ပုံ- AFP)

လက်နက်ကိုင် ပဋိပက္ခများ ယခုထက် ပိုမို ပြင်းထန်လာပါက သမိုင်းပညာရှင်များ ပြောခဲ့သလို မြန်မာနိုင်ငံမြေပုံ ကမ္ဘာ့မြေပုံပေါ်ကနေ ပျောက်သွားနိုင်သော အခြေအနေများကိုလည်း မမေ့သင့်ပါ။ ထို့ပြင် နိုင်ငံရေးသုတေသီ တစ်ဦး (အမည်တော့ မဖော်ပြတော့ပါ) ရေးသားထားသလို မြန်မာ့ လူ့အဖွဲ့အစည်းကြီး အတွင်း ထိုင်းနိုင်ငံတွင် ဖြစ် တည်နေသော ရှပ်နီ-ရှပ်ဝါဆိုသော လူ့အဖွဲ့အစည်းကြီးလိုမျိုး ကွဲပြားသွားနိုင်ပါသည်။

ထို့ကြောင့် ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိသော ခေါင်းဆောင်များအနေဖြင့် ဒေါသ၊ မောဟ၊ အတ္တ၊ မာန်မာနများဖြင့် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို စဉ်းစား ဖြေရှင်းခြင်း မပြုလုပ်ဘဲ နောင်အနာဂတ် မျိုးဆက် များ၏ အကျိုးကို မျှော်တွေးက ဖြေရှင်းကြစေလိုသည်။

ထို့ပြင် ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိသူများ အချင်းချင်း တွေ့ဆုံ ဆွေးနွေး အဖြေရှာခြင်း နည်းလမ်းကို အမြန်ဆုံး ဖော်ဆောင်၍ ဆောင်ရွက်သင့်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းကို အလျှော့ပေးခြင်းဟု မမှတ်ယူဘဲ အနာဂတ် မျိုးဆက်သစ်များ၏ အကျိုးကို မျှော်တွေးကာ တိုင်းပြည်ကို တည်ဆောက်ပေးခြင်းဟု မှတ်ယူ၍ ကြိုးပမ်းကြသင့် သည်။

ပုံ -စာသင်ကြားနေသော မြန်မာလူငယ် ကျောင်းသူ/သားလေးများ

၁၈၆၁-၆၅ ခုနှစ်က အမေရိကန်ပြည်ထောင်စုတွင် တောင်ပိုင်း-မြောက်ပိုင်း တွဲရေး ခွဲရေးကနေ  အမျိုးသား ညီညွတ်ရေး ပျက်ပြားပြီး ပြည်တွင်းစစ်ကြီး ဖြစ်သည့်အခါမှာ အမျိုးသားညီညွတ်ရေးပြန်လည် တည်ဆောက် နိုင်ရန်အတွက် ဆီနိတ်တာ အမတ်ဖြစ်ခဲ့သူ ဆမ်ဟောက်စတန်က သူ၏ ယုံကြည်ချက်နှင့် မျှော်တွေးချက်များကို အောက်ပါ အတိုင်း ပြောခဲ့လေသည်။

“ကျွနှ်ပ်တို့ရဲ့ နောင်လာ နောက်သားများဟာ ငြိမ်းချမ်းရေး၊ ညီညွတ်ပြီး စည်ပင် ဝပြော ရေးနဲ့ ပြည့်စုံတဲ့ လောကမှာ နေကြပါစေ၊ ညီညွတ်ရေးပျက်ပြားပြီး အချင်းချင်း ထိုးခုတ် တိုက်ခိုက်ရမယ့် လောကကို မရောက် ကြပါစေနဲ့၊ သူတို့ ချမ်းသာစွာ နေရေးအတွက် ကျွနှ်ပ်တို့မှာ တာဝန်ရှိပါတယ်"။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required