နိုင်ငံရေးအရ အဖြေရှာဖို့လိုပါတယ်

နိုင်ငံရေးအရ အဖြေရှာဖို့လိုပါတယ်

စစ်အာဏာသိမ်းတဲ့သူတွေပြောလေ့ရှိတဲ့ လက်သုံးစကားတစ်ခုရှိပါတယ်။ အဲဒါကတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားလို့ နိုင်ငံတော်အာဏာထိန်းသိမ်းလိုက်ရပါတယ်ဆိုတာပေါ့။ အဲဒါဟာ တချို့အခြေအနေမှာ အကျိုးအကြောင်းဆီလျော်သလိုဖြစ်ပြီး ယေဘုယျမှာလည်း တည်ငြိမ်မှုပျက်ပြားသွားတဲ့အခါမှာ အဲဒီလို ဝါဒဖြန့်တာကို နားယောင်တဲ့သူတွေကလည်း ရှိကြပါတယ်။ အဲဒီတော့ အကြံဆိုးသမားတွေက ဘာတွေလုပ်ပြင်ဆင်လေ့ရှိကြလဲတော့ တည်ငြိမ်မှုပျက်ပြားအောင်လုပ်ပစ်တာပဲဖြစ်ပါတယ်။ တည်ငြိမ်မှုပျက်ပြားအောင်လုပ်တဲ့နည်းကတော့ လူအများရဲ့ စိတ်ခံစားမှုတွေပြင်းထန်လာပြီး ဒေါသတွေဖြစ်အောင်ကိုဆွတာ၊ ရန်စတာ၊ အထိတ်တလန့်ဖြစ်အောင်လုပ်တာတွေပါ။ တစ်ဘက်မှာလည်း အာဏာရှိပြီး အဆင်ခြင်မဲ့လာတဲ့အခါ ကမူးရှူးထိုးလုပ်တာတွေ အလိုလိုဖြစ်တတ်ပါတယ်။ သူ့နောက်လိုက်တွေကပါ ဆင်ခြင်တုံတရားမဲ့သွားကြရင် အကျိုးနည်းကုန်ကြတော့တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့နောက်လိုက်တွေ သူ့ဘက်ကပါနေအောင် ရာထူးနေရာ လာဘ်လာဘအားဖြင့် ဆွဲဆောင်ထားခြင်းတို့အပြင် အများစုအတွက် ဇာတ်အိမ်တည်ဆောက်ထားရပါတယ်။ အဲဒီ ဇာတ်အိမ်က အမှန်နည်းနည်းနဲ့ အမှားရောထားတဲ့ဇာတ်အိမ်ပါပဲ။

စစ်အာဏာသိမ်းတယ်ဆိုတာ ခေါင်းခံရပါတယ်။ ဖြစ်လာတဲ့ဆိုးကျိုးဆက်ကိုခံရပါတယ်။ အများအားဖြင့် အဲဒီဆိုးကျိုးဟာလည်း သူတင်မကဘဲ မျိုးဆက်ကိုပါ သက်ရောက်မှုရှိပါတယ်။ ဒါဆို ဘာလို့လုပ်ကြလဲ။ အတိုဆုံးပြောရရင်တော့ ဒေါသနဲ့ မာန်မာနကြောင့် အမိုက်မှောင်ဖုံးသွားတာပါပဲ။  ဖြေရှင်းစရာနည်းလမ်းကောင်းကိုတောင် မမြင်နိုင်ဖြစ်ပြီး ဒီလမ်းကိုရွေးချယ်လိုက်တာပါပဲ။

ခေါင်းခံသူချည်းပဲ အလုပ်ဖြစ်လားဆိုတော့ အလုပ်မဖြစ်ပါဘူး။ သူ့ကို အားပေးအားမြှောက်ပြုသူတွေရှိကြပါတယ်။ သူတို့ကတော့ လက်ရှိအခြေအနေဟာ သူတို့အတွက် သမာအာဇီဝနဲ့ မစွမ်းဆောင်နိုင်တဲ့အခြေအနေမို့ (အဲဒီလိုလည်း ရုန်းကန်ချင်စိတ်မရှိသူ) အခြေအနေအသစ်ကနေ အမြတ်ထုတ်မယ်ဆိုတဲ့သူတွေပါ။ ဆိုးကျိုးဖြစ်လာရင် အသာရှောင်ထွက်သွားမယ်၊ စားစရာရှိရင် ရသလောက်ဖဲ့စားမယ်ဆိုတဲ့ သူရဲဘောကြောင်သူတွေပါပဲ။ သူတို့တွေက ဒလစပ်မြှောက်ပေးတာကို အင်အားရယ်လို့ ယုံစားမိတာရယ် ပေါင်းစုံသွားခဲ့ကြတာပါပဲ။

အထက်ကပြောတာတွေက စစ်အာဏာသိမ်းမှုတွေနဲ့ပတ်သက်ပြီး ယေဘုယျချဉ်းကပ်မှုဖြစ်ပါတယ်။ မြန်မာပြည်မှာ အာဏာသိမ်းတာမှာ တကယ်တန်း ဒီမိုကရေစီရွေးကောက်ပွဲကနေတက်လာတဲ့ အစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းခဲ့တာ ၁၉၆၂ ခုနှစ်ပဲရှိပါတယ်။ ကျန်တာတွေက အချင်းချင်း အာဏာလွှဲပြောင်းပြီး လူပြောင်း နည်းနာပြောင်းတာသာဖြစ်ပါတယ်။ ၁၉၆၂ အာဏာသိမ်းတုံးက သွေးမြေကျမှုနည်းပါးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအခြေအနေနဲ့ ၂၀၂၁ အခြေအနေကို နှိုင်းစာပြီး အဲဒီတုံးကလိုဖြစ်နိုင်တယ်လို့ စိတ်ကူးယဉ်ရင်တော့ မှားပါလိမ့်မယ်။ အာဏာသိမ်းလိုကြတဲ့လူနည်းစုပြောပြောနေတဲ့ လက်ရှိ မြန်မာပြည်ဟာ အထွေထွေအကျပ်အတည်းပေါင်းစုံဖြစ်နေတယ်ဆိုတာဟာ မိမိစိတ်ကိုမိမိဘာသာ အာသာဖြေနေလှည့်စားမှုသာပဲဖြစ်ပါတယ်။ နိုင်ငံရေးသမား၊ စစ်ရေးခေါင်းဆောင်ကောင်းဆိုတာ နိုင်ငံ့အခြေအနေကိုသုံးသပ်တာမှာ မကွယ်မဝှက် သမာသမတ်ကျကျသုံးသပ်ဖို့လိုပါတယ်။

ဖြတ်လမ်းနည်းနဲ့ နေပြည်တော်မှာ အာဏာလုဖို့ကြံစည်မှုမှန်သမျှဟာ တိုင်းပြည်တည်ဆောက်ရေးကိုကောင်းကျိုးထက် ဆိုးကျုးိတွေကိုသာ တိုးများဖြစ်လာစေနိုင်ပါတယ်။ အလားတူပဲ ဒီအခြေအနေကနေ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ပြီး တိုင်းပြည်တွင်း စစ်မက်တွေကို အပြီးတိုင်ရပ်ဆိုင်းပစ်ရေးဟာလည်း စိတ်ကူးယဉ်လို့တောင်မရပါဘူး။

ဒီနေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ လက်ရှိခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍအရေးပါပါတယ်။ နိုင်ငံရေးပါတီတစ်ခုဟာ အိုင်ဒီယိုလော်ဂျီ၊ မူဝါဒနဲ့ လုပ်နည်းလုပ်ဟန်တွေမှာ ယှဉ်ပြိုင်ပြီး လူထုကို ဆွဲဆောင်ရပါတယ်။ မိမိရဲ့အရည်အချင်းကိုပြပြီး လူထုမဲကိုရယူရပါတယ်။ စစ်တပ်ကိုအမှီပြုပြီး အာဏာရယူတာဟာ မိမိပါတီရဲ့ အရည်အချင်းဖြစ်လာမှာ မဟုတ်ပါဘူး။ 

ရွေးကောက်ပွဲမဲသမာမှုတွေဖြစ်နိုင်တယ်လို့ တကယ်တမ်းယုံကြည်ရင် တရားရုံးတော်တွေ လွတ်လွတ်လပ်လပ်ဆုံးဖြတ်ခွင့်ကိုသာ အားပေးရမှာဖြစ်ပါတယ်။ တရားရုံးတော်တွေကို လူအုပ်စုနဲ့ ဖိအားပေးတာဟာ လူအုပ်စုနဲ့ရမ်းကားတာထက်မပိုပါဘူး။ တစ်ပါးသူကမှန်ကန်အောင်ပြုမူစေချင်ရင် မိမိက မှန်ကန်အောင်ပြုမူဖို့လိုပါတယ်။

ဒီမိုကရေစီနိုင်ငံတော်ကိုတည်ထောင်လိုသူတွေ၊ အာဏာရပါတီနဲ့ သူ့ကိုထောက်ခံသူတွေဟာ ထောင်ချောက်တွေကို မြင်တတ်ဖို့လိုပါတယ်။ အပြန်အလှန် ဆူပူရန်သတ္တုပြုတာတွေဖြစ်လာရင် အခွင့်ချောင်းနေသူတွေအကြိုက်ဖြစ်ပါလိမ့်မယ်။ တစ်ပြိုင်တည်းမှာပဲ ပြိုင်ဘက်နိုင်ငံရေးအင်အားစုရဲ့ စိုးရိမ်ပူပန်မှုကို စာနာတတ်ဖို့လိုပါတယ်။ ဒီမိုကရေစီရဲ့ရေသောက်မြစ်တစ်ခုဟာ သဘောထားကြီးခြင်းနှင့် ကွဲပြားတာကို အပြုသဘောမြင်လက်ခံတာဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required