နှစ်လနီးပါးအတွင်း ပထမဆုံးအဖြစ် ဟနွိုင်းမြို့တော်၌ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ

နှစ်လနီးပါးအတွင်း ပထမဆုံးအဖြစ် ဟနွိုင်းမြို့တော်၌ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ
Photo - AFP

ဇန်နဝါရိလ ၂၉ ၊ ၂၀၂၁

ဗီယက်နမ်နိုင်ငံတွင် သောကြာနေ့ အစောပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့လူနာ ကိုးဦး တွေ့ရှိရာ နှစ်လနီးပါးအတွင်း ပထမဆုံး ကူးစက်မှုဖြစ်ပြီး အာဏာရကွန်မြူနစ်ပါတီက လက်ရှိ၌ ၎င်း၏ အဓိက ငါးနှစ်တာညီလာခံကို ကျင်းပနေသည့် ဟနွိုင်းမြို့တော်တွင်ပါ ပိုးတွေ့ခြင်း ဖြစ်သည်။

ဟနွိုင်းတွင် တစ်ဦးနှင့် အနီးနားက Haiphong မြို့၊ Hai Duong၊ Quang Ninh နှင့် Bac Ninh ပြည်နယ်များတွင် ရှစ်ဦးအပါအဝင်ဖြစ်သည့် ယခု အသစ်ကူးစက်မှုကြောင့် ကြာသပတေးနေ့မှ သောကြာနေ့အထိ စုစုပေါင်း ကူးစက်သူဦးရေသည် ၉၃ ဦးအထိ ရှိသွားပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ကြာသပတေးနေ့က ပထမဆုံး ကူးစက်သူ နှစ်ဦးတွင် တစ်ဦးသည် ပို၍ ကူးစက်မှုမြန်သော ဗြိတိန်တွင် စတင်သည့် ဗီဇကွဲကိုရိုနာဗိုင်းရပ်စ်ကို ဂျပန်တွင် ကူးစက်ခံလာရခြင်း ဖြစ်သည်။ ယခု အသစ် ကူးစက်မှုများသည် ဗီဇကွဲဗိုင်းရပ်စ်သစ် ကူးစက်ခံထားရခြင်းလားဆိုသည်ကို စိစစ်စမ်းသပ်လျက် ရှိနေဆဲဖြစ်သည်ဟု ဝန်ကြီးဌာနက ပြောသည်။

ဗီယက်နမ်နိုင်ငံတွင် လွန်ခဲ့သည့် တစ်နှစ်က ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိချိန်မှစကာ စုစုပေါင်း ကူးစက်ဖြစ်ပွားသူဦးရေသည် ပြည်ပမှ ပြန်လာသူများတွင်ပါ အပါအဝင် ၁၆၅၁ ဦး ရှိပြီး သေဆုံးသူ ၃၅ ဦး ရှိသည်။

ဟနွိုင်းက ကူးစက်မှုသည် ကြာသပတေးနေ့က လူပေါင်း ၈၃ ဦး ကူးစက်ခံရသူများတွင် အပါအဝင်ဖြစ်သော Quang Ninh ပြည်နယ်မှ လေဆိပ်ဝန်ထမ်းတစ်ဦးနှင့် ဆက်စပ်လျက် ရှိသည်ဟု ဝန်ကြီးဌာနက ဆိုသည်။ အဆိုပါ ကြာသပတေးနေ့က ကူးစက်ဖြစ်ပွားမှုသည် နိုင်ငံတွင်း၌ ရက်ပေါင်း ၅၅ ရက်အတွင်း ပထမဆုံး ပြည်တွင်း ကူးစက်မှုဖြစ်ပြီး လက်ရှိအထိ တစ်နေ့တည်း အများဆုံး ကူးစက်မှုလည်း ဖြစ်သည်။

ကြာသပတေးနေ့က ပါတီညီလာခံ ပြင်ပန်း၌ ခေါ်ယူခဲ့သည့် အရေးပေါ်အစည်းအဝေးတစ်ရပ်တွင် မြန်ဆန်သော တုံ့ပြန်ဆောင်ရွက်မှုများကို လုပ်ဆောင်ရန် ကတိကဝတ်ပြုပြီး စိတ်အေးအေးထားကြရန်လည်း ဝန်ကြီးချုပ် ငုယင်စွမ်းဖုက ဆော်ဩခဲ့သည်။ အဆိုပါ ညီလာခံတွင်လည်း နှာခေါင်းစည်း မတပ်မနေရကို အမိန့်ချမှတ်ထားသည်။

စီးပွားရေးတက်ရိပ် ကျဆင်းသွားမည်ကို တွန်းလှန်ရန်နှင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြား တွန်းအားများ ဖော်ဆောင်ရန်အတွက် ညီလာခံသည် ဗီယက်နမ်၏ ခေါင်းဆောင်ပိုင်းကို ရွေးချယ်မည်ဖြစ်ပြီး လာမည့်ငါးနှစ်တာနှင့် အလွန်အထိ မူဝါဒများကို ပုံဖော်သွားမည် ဖြစ်သည်။

ကြာသပတေးညက ကျင်းပသော အရေးပေါ်အစည်းအဝေးတစ်ရပ်၌ ဟနွိုင်းအာဏာပိုင်များက ၎င်းတို့အနေဖြင့် မြို့တွင် တစ်နေ့လျှင် လူပေါင်း ၁၀၀၀၀ ကို စမ်းသပ်စစ်ဆေးပေးနေပြီး ဗိုင်းရပ်စ်ခြေရာကောက်ခြင်းနှင့် စမ်းသပ်နိုင်မှုစွမ်းဆောင်ရည်များကိုလည်း မြှင့်တင်လျက်ရှိကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required