အမေရိကန် တယ်လီကွန်းကွန်ရက်ကို ဟွာ‌ဝေး လုံခြုံရေးခြိမ်းခြောက်မှုမှ ကာကွယ်ပေးမည်ဟု အိမ်ဖြူတော် ပြော

အမေရိကန် တယ်လီကွန်းကွန်ရက်ကို ဟွာ‌ဝေး လုံခြုံရေးခြိမ်းခြောက်မှုမှ ကာကွယ်ပေးမည်ဟု အိမ်ဖြူတော် ပြော

ဇန်နဝါရီ ၂၉

အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်သည့် ဟွာ‌‌ဝေး နည်းပညာကုမ္ပဏီ ကဲ့သို့ “မယုံကြည်ရသော လုပ်ငန်းများ” ၏ ဘေးအန္တရာယ်မှ အမေရိကန် တယ်လီကွန်း ကွန်ရက်များကို ကာကွယ်စောင့်ရှောက်ရန် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရက လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားလိုက်သည်။ ထိုကဲ့သို့ ပြောဆိုမှုနှင့်အတူ ကာလကြာကတည်းက ဝါရှင်တန်၏ ချိန်ရွယ်မှုအောက်တွင် ရှိနေခဲ့သော တရုတ် ထိပ်တန်း တယ်လီကွန်းတပ်ဆင်ပစ္စည်း ကုမ္ပဏီအတွက်  အစီအစဉ်များနှင့်ပတ်သက်သည့် အတွင်းသဘောတစ်ချို့ကို ကမ်းလှမ်းလိုက်ခြင်းလည်း ဖြစ်သည်။

“ဟွာ‌‌ဝေးအပါအ၀င် မယုံကြည်ရတဲ့ လုပ်ငန်းတွေက ထုတ်လုပ်တဲ့ တယ်လီကွန်မြူနစ်ကေးရှင်း တပ်ဆင်ပစ္စည်းတွေက အမေရိကန်နဲ့ ကျွန်မတို့ရဲ့ မဟာမိတ်တွေရဲ့ လုံခြုံ‌ရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်” ဟု အိမ်ဖြူတော် ပြန်ကြား‌ရေးအတွင်း၀န် ဂျန် ဆာကီက တစ်နေ့တာ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း သတင်းထောက်များကို ပြောခဲ့သည်။

“အမေရိကန် တယ်လီကွန်မြူနစ်ကေးရှင်း ကွန်ရက်အနေနဲ့ မယုံကြည်ရတဲ့ လုပ်ငန်းတွေဆီကနေ တပ်ဆင်ပစ္စည်းတွေ အသုံးမပြုမိစေအောင် ကျွန်မတို့ သေချာလုပ်သွားပါမယ်၊ ကျွန်မတို့ရဲ့ မဟာမိတ်တွေနဲ့ အတူ လက်တွဲပြီးတော့လည်း သူတို့တွေရဲ့ တယ်လီကွန်မြူနစ်ကေးရှင်း ကွန်ရက်တွေကို လုံခြုံစိတ်ချရအောင် လုပ်သွားပါမယ်၊ ပြီးတော့လည်း ယုံကြည်ရတဲ့ အမေရိကန်နဲ့ မဟာမိတ် ကုမ္ပဏီတွေရဲ့ တယ်လီကွန်မြူနစ်ကေးရှင်း တပ်ဆင်ပစ္စည်း ထုတ်လုပ်မှုကို တိုးချဲ့နိုင်အောင် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သွားပါမယ်” ဟု သူမက ပြောခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ဟွာဝေးကုမ္ပဏီက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သလို ၀ါရှင်တန်ရှိ တရုတ်သံရုံးကလည်း သဘောထားမှတ်ချက်ပေးရန် ပန်ကြားချက်တစ်ခုကို မဆိုင်းမတွ တုံ့ပြန်အဖြေပေးခဲ့ခြင်း မရှိခဲ့ပေ။

ယခုလအစောပိုင်းက စတင်တာ၀န်ထမ်းဆောင်နေခဲ့သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တွင် ဟွာဝေးကို မည်သို့မည်ပုံ ကိုင်တွယ်သွားမည်လဲ ဆိုသည်နှင့်ပတ်သက်ပြီး မေးခွန်းများ ထွက်ပေါ်ထားခဲ့သည်။

ဟွာဝေးသည် ဖောက်သည် (customer) များကို သူလျှိုထောက်လှမ်းခြင်း၊ ဥာဏပစ္စည်းဥစ္စာ ခိုးယူခြင်းနှင့် ဆန်ရှင် ချိုးဖောက်ခြင်းတို့ လုပ်နိုင်စွမ်း ရှိကြောင်း ၀ါရှင်တန်က စွပ်စွဲထားခဲ့သည်။ ထိုစွပ်စွဲချက်ကို ဟွာဝေးက ငြင်းဆန်ပယ်ချထားခဲ့သည်။

ဘိုင်ဒင်၏ အရင်လူဖြစ်သည့် ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်က တရုတ်ကုမ္ပဏီကို ကုန်သွယ်မှု နာမည်ပျက်စာရင်းတစ်ခုထဲ ထည့်ခဲ့သလို ယင်း၏ မဟာမိတ်များကိုလည်း ၎င်းတို့၏ ကွန်ရက်များထဲကနေ ထိုကုမ္ပဏီကို ဖယ်ထုတ်ရေး စည်းရုံးသည့် ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်းတစ်ခုကို ဦးဆောင်ခဲ့သည်။

အမေရိကန် ကုန်သွယ်ရေး၀န်ကြီးဌာနကို ဦးဆောင်ရန် ဘိုင်ဒင် အဆိုပြုသည့် ရုဒ် အိုင်းလန်းပြည်နယ် အုပ်ချုပ်ရေးမှူး ဂျီနာ ရိုင်မွန်ဒိုသည် ကုန်သွယ်‌ရေး၀န်ကြီးဌာနက ကြီးကြပ်သော အမေရိကန် စီးပွားရေး အမည်ပျက်စာရင်းတွင် ဟွာဝေးကို ဆက်လက်ထားရှိရေး အာမခံချက်ပေးရန် ငြင်းဆန်ခြင်းအားဖြင့် ပြီးခဲ့သည့် အင်္ဂါနေ့တွင် ၀ါရှင်တန်ရှိ တရုတ်ဆိုင်ရာ တရားသေအယူကိုင်ဆွဲသူများအကြား စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့ချိန် အထက်ပါမှတ်ချက်များ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအတွက်ကြောင့် နာမည်ပျက်စာရင်းတွင် ဟွာ‌ဝေးကို ဆက်ရှိစေရန် စီစဉ်နေခြင်း ရှိမရှိ ရှင်းလင်းသော အဖြေတစ်ခု ဘိုင်ဒင်အစိုးရက မပေးမချင်း ရိုင်မွန်ဒိုကို ကုန်သွယ်‌ရေးဝန်ကြီးအဖြစ် အတည်ပြုမှု လုပ်ငန်းစဉ်ကို ဆိုင်းငံ့ထားရန် တရုတ်နှင့်ပတ်သက်ပြီး တရားသေဝါဒ ကိုင်ဆွဲသူတစ်ဦးဖြစ်သည့် ရီပတ်ဘလစ်ကန် ကွန်ဂရက်လွှတ်တော်အမတ် မိုက်ကယ် မက်ကောလ်က ဗုဒ္ဓဟူးနေ့က ဆိနိတ်ကို တိုက်တွန်းခဲ့သည်။

“အားကောင်းတဲ့ အမျိုးသားလုံခြုံရေး အရည်အချင်းတွေ ရှိတဲ့ ကုန်သွယ်ရေးဌာနတစ်ခုနဲ့အတူ (တရုတ်) ခြိမ်းခြောက်မှုရန်အကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်တဲ့ ၀န်ကြီးတစ်ဦးကို ကျွန်တော်တို့ လိုချင်ပါတယ်၊ ဒီတော့ သူတို့အနေနဲ့ ဟွာဝေးကို နာမည်ပျက်စာရင်းထဲ ဆက်ရှိစေမှာလား ဆိုတာနဲ့ပတ်သက်လို့ ရှင်းလင်းတဲ့ ရည်ရွယ်ချက်သဘောထားတွေ မပြမချင်း မစ္စ ရိုင်မွန်ဒိုကို အတည်ပြုမှု လုပ်ငန်းစဥ်ကို ဆိုင်းထားဖို့ ဆိနိတ်က အမတ်တွေကို ကျွန်တော် တိုက်တွန်းပါတယ်” ဟု မက်ကောလ်က ပြောခဲ့သည်။

ဆိနိတ် ကုန်သွယ်မှု ကော်မတီသည် ရိုင်မွန်ဒို၏ ရာထူးခန့်ထားမှု အဆိုပြုချက်ကို ဖေဖော်ဝါရီ ၃ ရက်တွင် မဲခွဲမည် ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly