ပြည်ပဆန်တင်ပို့မှု ယခင်နှစ်ထက် တန်ချိန် သုံးသိန်း လျော့ကျနိုင်

ပြည်ပဆန်တင်ပို့မှု ယခင်နှစ်ထက် တန်ချိန် သုံးသိန်း လျော့ကျနိုင်

ရန်ကုန်၊ နိုဝင်ဘာ ၂၄ ။ ။ မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှု ပမာဏသည် ယခင်နှစ် ကာလတူအချိန်ကထက် တန်ချိန် ခြောက်သောင်းကျော်ခန့် လျော့နည်းနေပြီး ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်ကုန်တွင် ဆန်တန်ချိန်သုံးသိန်းအထိ လျော့နည်းနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌဒေါက်တာစိုးထွန်းကပြောသည်။

"ပြီးခဲ့တဲ့နှစ်ကတန်ချိန် ၁.၈ သန်းတင်ပို့နိုင်ခဲ့တယ်။ ဒီနှစ်မှာတော့ တန်ချိန် ၁သန်းခွဲလောက် တင်ပို့နိုင်ပြီး တန်ချိန်သုံးသိန်းလောက်လျော့ကျနိုင်မယ်လို့မှန်းပါတယ်။ လောလောဆယ် တင်ပို့ပြီးတာကတော့ တန်ချိန်၈သိန်းလောက်ပဲတင်ပို့ပြီးပြီ။ ဘာကြောင့်လဲဆိုတော့ ဆန်တင်ပို့မှုကိုတလခွဲလောက် ရပ်ထားလိုက်ရတဲ့အတွက်ကြောင့်မို့လို့ပါ။"ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက မဇ္ဈိမကို ပြောသည်။ 

၂၀၁၅ခုနှစ် ဇွန်၊ဇူလိုင် နှင့် သြဂုတ်လ သုံးလအတွင်း မြန်မာနိုင်ငံနေရာတော်တော်များများတွင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ခဲ့ပြီး စပါးစိုက်ဧက ရာခိုင်နှုန်းအများစု ပျက်ဆီးခဲ့သည့်အတွက် ပြည်တွင်းစားသုံးမှု လုံလောက်စေရန် ပြည်ပတင်ပို့မှုကို တစ်လကျော်ရပ်ဆိုင်းခဲ့ရခြင်းကလည်း ဆန်တင်ပို့မှု လျော့နည်းခြင်း၏ အဓိက အကြောင်းရင်းဖြစ်သည်။ 

ပြည်ပကိုဆန်တင်ပို့ရာတွင် အာဖရိကနိုင်ငံ၊ ဥရောပနိုင်ငံနဲ့ အာဆီယံနိုင်ငံအချို့ကို ရန်ကုန်ဆိပ်ကမ်းမှ တဆင့် ရေကြောင်းလမ်းမှ တင်ပို့နေပြီး တရုတ်နိုင်ငံကိုမူ ကုန်းကြောင်းလမ်းမှ တင်ပို့လျက်ရှိသည်။ 

လက်ရှိအခြေအနေမှာ ရေလမ်းကြောင်းမှ တင်ပို့သည့်နှုန်း ကျဆင်းခြင်း ဖြစ်ကြောင်းလည်း သိရသည်။

"တရုတ်ပြည်ကတော့ အရင်ထက်စာရင်နည်းနည်းလေးလျော့ကျတယ်။ လျော့ကျတယ်ဆိုတာအနည်းငယ်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ ပြည်တွင်းဈေးကလည်းမြင့်တာကိုး။ တကယ်တမ်းပြောရရင် ကျွန်တော်တို့ ပြည်တွင်းဆန်ဈေးကအိမ်နီးချင်းနိုင်ငံ၊ ထိုင်းတို့ဗီယက်နမ်တို့ထက်တောင် မြင့်နေတယ်။ အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကတခြားနိုင်ငံကိုရောင်းဖို့အရမ်းခက်သွားတယ်။ အဓိကတော့ Normal Trade ကနေရောင်းဖို့ခက်တယ်။ အာဖရိကကျွန်တော်တို့ရောင်းလို့မရဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံဆန်ဈေးကတခြားပါကစ္စတန်တို့ အိန္ဒိယတိုY ထိုင်းတို့ထက်စာရင် ကျွန်တော်တို့ကဈေးအများကြီးမြင့်တဲ့ခါကျတော့ ပင်လယ်ရေကြောင်းကနေ တင်ပို့တဲ့နေရာမှာ သူတို့ကိုယှဉ်ဖို့တော့ မရောင်းနိုင်ဘူး။"ဟု ဆန်ပို့ကုန်လုပ်ငန်းရှင် ဦးလူမော်မြင့်မောင်က ပြောသည်။ 

ယခုကဲ့သို့ ပြည်ပသို့ ဆန်တင်ပို့မှုလျှော့ကျသွားခြင်းက စပါးစိုက်ပျိုးသူတောင်သူများအတွက်လည်း တွက်ခြေမကိုက်တာ၊ ထိခိုက်နစ်နာနိုင်မည့် အခြေအနေအချို့ ရှိနေသည်။ 

"လယ်သမားတွေ တိုက်ရိုက်ထိခိုက်နိုင်တဲ့အတွက်ကြောင့်မို့လို့ ဒီလို ပြသနာမျိုးက ၂၀၁၂ခုနှစ်မှာ ကြုံဖူးတယ်။ ကမ္ဘာဆန်ဈေးကထိုးကျ သွားတဲ့ အချိန်မှာ ကျွန်တော်တို့တွေက export မပို့နိုင်ဘူး။ မပို့နိုင်တဲ့ အတွက်ကြောင့်မို့လို့ စပါးဈေးက ပြည်တွင်းမှာ နှစ်သိန်းခွဲတင်းတစ်ရာကို နှစ်သိန်းခွဲ၊ နှစ်သိန်းခြောက်သောင်းခုနှစ်သောင်း ဖြစ်သွားတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ ဆန်စပါးအသင်းချုပ်နဲ့ ကျန်တဲ့ညီနောင်တွေပေါင်းပြီးတော့ နိုင်ငံတော်အစိုးရရဲ့ အထောက်အပံ့နဲ့ လယ်သမားတွေဆီက စပါးဝယ်ပေးဖူးတာတွေရှိတယ်။ ဒီတစ်နှစ်ကလည်းဒါမျိုးတွေ စိုးရိမ်ပူပန်ရမဲ့အနေအထားမှာရှိတယ်။"ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာစိုးထွန်းက အခြေအနေကို ရှင်းပြသည်။ 

ဆန်ပို့ကုန်လုပ်ငန်းရှင် ဦးလူမော်မြင့်မောင်ကလည်း "အဓိကကတော့ Marketing ပဲနောက်ပြီးတော့ဝယ်လိုအားပေါ့။ ဝယ်လိုအားကောင်းဖို့ လိုတယ်။ ဒီ supply change တခုလုံးကဘာနဲ့ဆိုင်လဲဆိုတော့ ဝယ်လိုအားနဲ့ဆိုင်တယ်။ ဝယ်လိုအားကောင်းနေရင်တော့ ဆန်ဈေးလည်းကျမှာမဟုတ်ဘူး။ စပါးဈေးလည်းကျမှာမဟုတ်ဘူး။ အခုလက်ရှိမှာတောင်ကျွန်တော်တို့ဆီမှာဆန်ဈေးကမြင့်နေတယ်။ ကျရင်တောင် ဆန်ပေါ်ချိန်မှာငွေမနိုင်တဲ့အတွက် ခဏပဲကျမှာဒါက နှစ်စဉ်နှစ်တိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ အတိုင်းအတာတခုပါပဲ။"ဟု ပြောသည်။ 

မြန်မာနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုနှင့် သုံးစွဲမှုမှာ ၂၀၁၂  - ၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆန်စပါးထုတ်လုပ်မှု ၁၁ ဒသမ ၉၇သန်း၊ ပြည်တွင်းစားသုံးမှု ၁၀ ဒသမ ၈သန်း၊ ပိုလျှံမှု ၁ဒသမ ၁၇သန်းရှိခဲ့သည်။ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်တွင် ဆန်စပါးထုတ်လုပ်မှု ၁၂ဒသမ၅၈သန်း၊ ပြည်တွင်းစားသုံးမှုမှာ ၁၀ဒသမ၉၈ သန်း၊ ပိုလျှံမှု ၁ဒသမ ၆သန်း ရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင်မူ ဆန်စပါးထုတ်လုပ်မှုမှာ၁၂ ဒသမ ၆၅ သန်း၊ ပြည်တွင်းစားသုံးမှုမှာ ၁၀ဒသမ ၀၄ သန်းနှင့် ပိုလျှံမှုမှာ ၂ဒသမ ၆သန်းရှိသည်။ 
 
မြန်မာနိုင်ငံံမှ ပြည်ပကိုဆန်တင်ပို့မှု အခြေအနေမှာ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၄သန်း၊ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် ၁ဒသမ၂သန်း နှင့် ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁ဒသမ ၈ သန်း တင်ပို့နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly