အိုဘယ့် မြန်မာ

 အိုဘယ့် မြန်မာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသားအရာရှိတွေကို Video Conferencing နဲ့ အမှာစကားပြောတဲ့အထဲမှာ "ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစား လိုက်နာဖို့လိုတယ်လို့ ပြောလိုတယ်၊ စောစောကပြောတဲ့ ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။ ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်။" လို့ ပါတာကို ဗုဒ္ဓဟူးနေ့ညက တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာတွေ့ရတယ်။

ဒီသတင်းထုတ်ပြန်ချက်မတိုင်ခင်ကလည်း နေပြည်တော်စစ်သမိုင်းပြတိုက်မှာလုပ်တဲ့ တပ်မတော်ရဲ့သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အာဏာမသိမ်းဘူးရယ်လို့ အာမမခံဘူးဆိုတဲ့သဘော သတင်းစာရှင်းလင်းပွဲမှာပြောသွားခဲ့တယ်။ ဒါဟာ တပ်မတော်ရဲ့ သဘောထားလို့ဆိုပေမဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သဘောထားပါပဲ။

တပ်ချုပ်ဟာ အရင်ကထက်စာရင် ဒေါသတွေတက်တက်လာပြီး အလွန်အကျွံတွေဖြစ်လာလိုက်တာ ဒီအဆင့်အထိရောက်လာခဲ့တာပါပဲ။ ဖွဲ့စည်းပုံဖျက်ပစ်မယ်ဆိုတာကတော့ ဒီဖွဲ့စည်းပုံကိုပြင်ချင်သူတွေအတွက် သတင်းဆိုးပဲရယ်လို့ ပြောရခက်ပါတယ်။ ဖွဲ့စည်းပုံပြင်ချင်တဲ့အထဲ အာဏာရပါတီလည်းပါသလို တိုင်းရင်းသားနိုင်ငံရေး အင်အားစုတွေလည်းပါပါတယ်။

ဒါပေမဲ့ ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရယ်လို့ဖြစ်စေခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး (ငြိမ်း) တို့က စစ်အုပ်ချုပ်ရေးကနေ အကူးအပြောင်းကာလ စစ်ဘက်-အရပ်ဘက်အုပ်ချုပ်ရေးအတွက် ဖန်တီးခဲ့တာဖြစ်တော့ အကုန်လုံးကိုပြောင်းပြန်လှန်ပစ်မယ်ဆိုတဲ့သဘောသက်ရောက်နေတယ်။

ဘယ်လိုအကြောင်းတွေကြေင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒီစကားပြောထွက်ခဲ့တာလဲ စိတ်ဝင်စားစရာကောင်းပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကြားက ဆက်ဆံရေးက ကောင်းနေတယ်လို့ ယုံကြည်ရပါတယ်။

သူတို့တွေ့ဆုံမှုတွေမှာ လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အာဏာဖြန့်ကြက်လာတာနဲ့ တပ်ခေါင်းဆောင်နေရာကိုဘယ်သူတွေဆက်ခံစေချင်တယ်ဆိုတာတွေပါလာမှာ မလွဲပါဘူး။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောခဲ့ဖူးသလို မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့အတိုင်း အဆုံးစွန်ဆုံးအထိစွဲတင်လိုက်တာဟာ အကုန်ရရရင် မရရင် ဘာမှမလိုချင်ဘူးဆိုတဲ့သဘောကို ပြနေပါတယ်။ ဒါပေမဲ့လည်းမြန်မာ့နိုင်ငံရေးမှာ တရားဥပဒေစိုးမိုးရေး ဆိုတာကို တဖွဖွပြောနေကြပေမဲ့ အာဏာရှိသူရဲ့ အဆုံးအဖြတ်ကသာလျှင် အဖြေဖြစ်သလို လက်နက်ကိုင်ထားသူဟာ အာဏာမှာအခရာကျနေဆဲပဲဖြစ်ပါတယ်။

ရွေးကောက်ပွဲလွန်ကာလမှာ တပ်မတော်ဘက်က စွဲစွဲမြဲမြဲတင်လာနေတဲ့ အာဂျင်ဒါက ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူး၊ မဲမသမာမှုတွေလုပ်ခဲ့တယ်ဆိုတာပဲဖြစ်တယ်။ မဲစာရင်းတွေမတရားဖောင်းပွနေတယ်၊ အဲဒါကြောင့် မဲသမာမှုရှိတယ်ဆိုတဲ့စွပ်စွဲချက်ပဲ။ တကယ်က တပ်မတော်ဘက်ကပြောသလို မဲရှစ်သန်းကျော်သာပိုနေခဲ့တာမှန်တယ်ထားပါတော့၊ အဲဒီမဲတွေဟာ အလိုလို NLD ကိုထောက်ခံတဲ့မဲတွေမဖြစ်နိုင်သလို USDP အတွက်လည်း မဖြစ်နိုင်ဘူးလို့ပြောလို့မရနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲတွေမှန်မှန်ကန်ကန်ဖြစ်စေချင်တဲ့ သွေးရိုးသားရိုးပါဆိုရင်လည်း ရွေးကောက်ပွဲ မဲအငြင်းပွားမှုဟာ သက်ဆိုင်ရာလူပုဂ္ဂိုလ်တွေ တရားရုံးမှာဖြေရှင်းရမဲ့ကိစ္စပါ။ တရားရုံးတော်ဟာ လွတ်လွတ်လပ်လပ်တရားစီရင်မှုဖြစ်ရေးကိုပဲ လူတိုင်းအားပေးရမှာသာဖြစ်ပါတယ်။ မှန်ကန်ဖြောင့်မတ်တဲ့ တရားရေးမဏ္ဍိုင်ဖြစ်ဖို့ကိုသာ အားပေးတိုက်တွန်းကြရမှာသာဖြစ်ပါတယ်။

တကယ်တော့ ရွေးကောက်ပွဲပြီးမှ ဇာတ်လမ်းကစတာမဟုတ်ပါဘူး။ လက်ရှိ တပ်မတော်ဦးဆောင်သူနဲ့ ရွေးကောက်ခံ ကိုယ်စားပြုအစိုးရတို့အကြား ကွဲပြဲမှုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီး ပထမဆုံးခေါ်ခဲ့တဲ့လွှတ်တော်နောက်ပိုင်းကတည်းကကို အားပြိုင်မှုတွေဖြစ်နေခဲ့တာပါ။ သို့ပေမဲ့လည်း ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်မတော်ခေါင်းဆောင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ အတိုက်အခံပါတီ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးဟာ အတိုင်းအတာတစ်ခုအထိ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ဟန်တူပါတယ်။ ဒါဟာလည်း သိတဲ့အတိုင်း ထင်သလိုမဖြစ်ခဲ့ပါဘူး။

တစ်ဖက်မှာလည်း အာဏာရပါတီဟာ ရခိုင်မြောက်ပိုင်းမွတ်ဆလင်တွေအရေး၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်မက်ရေးရာတွေမှာ တပ်မတော်နဲ့ ရပ်တည်ချက်တူတာမျိုး ထုတ်ဖော်ပြောဆိုတာမျိုးတွေရှိခဲ့ပါတယ်။ ဒီ့အတွက်လည်း ပြည်တွင်း ပြည်ပ လူ့အခွင့်အရေးလိုလားသူတွေအကြားမှာ အတော်လေး ဝေဖန်ခံခဲ့ရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ လွှတ်တော်တွင်း လွှတ်တော်အပြင် ပွတ်တိုက်မှုဟာ စိတ်လာသလို ပိုလည်းပြင်းထန်လာပါတယ်။

ဒီလိုတင်းမာမှုတွေရဲ့ အကျိုးဆက်ကတော့ အကျင့်ပျက်ခြစားမှုတွေတိုက်ဖျက်ဖို့ခရီးမတွင်တာ၊ အစိုးရအုပ်ချုပ်မှုပိုကောင်းအောင်ပြင်တာမှာနှောင့်နှေးတာ၊ ငြိမ်းချမ်းရေးအလှမ်းဝေးတာ၊ လူလတ်တန်းစားတိုးတက်ဖြစ်ထွန်းမှု နှေးကွေးစေတာဖြစ်ပါတယ်။ ပြည်တွင်းစစ်မီးမငြိမ်းစေတဲ့အကြောင်းရင်းကြီးတစ်ခုဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကတော့ အလှမ်းဝေးလွန်းလှပါတယ်။ ပြည်တွင်းနိုင်ငံရေးကွဲပြားမှုဟာ နိုင်ငံခြားဆက်ဆံရေးမှာပါကွဲပြားစွာပတ်သက်ခဲ့ပြီး နိုင်ငံအကျိုးစီးပွားကို လိုက်လျောညီထွေမဖြစ်စေဘဲ ပဋိပက္ခအသွင်ဆောင်စေခဲ့တာတွေပါဖြစ်စေပါတယ်။
 
အကွဲအပြဲကနေ နီးစပ်ရာပေါင်းပြီး ဟန်ကျနေသူတွေကတော့ အကွဲအပြဲကို မီးထိုးပေးပါတယ်။
ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် လူမှုစီးပွားဒုက္ခတိုးခံနေရတဲ့ လူအများစုကြီးအတွက် အာဏာအသိုင်းအဝိုင်းက နိုင်ငံရေးတင်းမာမှုတွေက စိုးရိမ်ထိတ်လန့်စိတ်ကိုသာပိုစေပြီး အနာဂတ်ကိုအကောင်းမျှော်လင့်ချက်ပိုမဲ့စေပါတယ်။

အာဏာပလ္လင်ပေါ်မှာ ယစ်မူးမှုတွေကြောင့် မသိဆိုးရွားမှုတွေကိုမြင်တော့ မြန်မာပြည်သားတွေအကြား ရင်းနှီးနေတဲ့ မဂ္ဂဇင်းဆောင်းပါးခေါင်းစဉ်တစ်ခုပေါ့လေ " ငရဲခွေးကြီးလွတ်နေသည်" လို့ အဓိပ္ပါယ်ရတဲ့ The Hell-Hound At Large ကို သွားသတိရမိပါတယ်။ ဒီလဆိုရင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းမှာ အဲဒီဆောင်းပါးပါခဲ့တာ ၈၅ နှစ်ပြည့်မြောက်ပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required