WHO အဖွဲ့ရောက်နေချိန် ကိုဗစ်ကြောင့် သေဆုံးသူတွေရဲ့ ဆွေမျိုးတွေကို နှုတ်ဆိတ်နေရန် တရုတ် ဖိအားပေး

WHO အဖွဲ့ရောက်နေချိန် ကိုဗစ်ကြောင့် သေဆုံးသူတွေရဲ့ ဆွေမျိုးတွေကို နှုတ်ဆိတ်နေရန် တရုတ် ဖိအားပေး
Photo - AFP

ဇန်နဝါရီလ ၂၈ ၊ ၂၀၂၁

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ဖို့ ဝူဟန်မြို့ဆီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အဖွဲ့ ရောက်ရှိနေချိန် မြို့အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရသူတွေရဲ့ ဆွေမျိုးသားချင်းတွေဟာ သူတို့ရဲ့ လူမှုမီဒီယာဂရုကို အာဏာပိုင်တွေက ဖျက်ပစ်ခဲ့ပြီး နှုတ်ပိတ်ပြီး နေကြဖို့ကိုလည်း ဖိအားပေးခံရတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်က မြို့မှာ မွှေနှောက်သွားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုမှာ လွဲမှားကိုင်တွယ်တာအတွက် ဝူဟန်မြို့ တာဝန်ရှိသူတွေအနေနဲ့ တာဝန်ခံမှု တာဝန်ယူမှုရှိဖို့အတွက် ဆွေမျိုးသားချင်း မိသားစု နှစ်ဆယ်ကျော်ထက်မနည်းဟာ အွန်လိုင်းမှာ ဂရုဖွဲ့ပြီး လှုပ်ရှားဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အဲဒီလို လုပ်ဆောင်တာတွေကို တာဝန်ရှိသူတွေက အနှောင့်အယှက်ပေးနေပြီး လူမှုမီဒီယာအုပ်စုတွေကို စောင့်ကြည့်တာတွေ၊ ခြိမ်းခြောက်တာတွေ လုပ်ဆောင်ကြတယ်လို့ ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့သူရဲ့ ဆွေမျိုးတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ ထိလွယ်ရှလွယ် ရှိလွန်းတဲ့ WHO စုံစမ်းရေးအဖွဲ့ ရောက်ရှိနေချိန် မကြာသေးတဲ့ ရက်တွေမှာတော့ အာဏာပိုင်တွေဟာ ဖိအားတွေ ပိုပြီး ပေးလာခဲ့တာ ဖြစ်ပြီး ဘယ်လို ဝေဖန်ပြောဆိုမှုမျိုးမဆို နှုတ်ဆိတ်သွားအောင်နဲ့ အရှက်ကွဲရမယ့် အဖြစ်မျိုးတွေ ရှောင်နိုင်ဖို့ လုပ်ဆောင်လာဟန် ရှိပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတည်းက ဖွဲ့ထားတဲ့ မိသားစု ၈၀ ကနေ ၁၀၀ ကြား အသုံးပြုတဲ့ လူမှုမီဒီယာ ပလက်ဖောင်း WeChat ဂရုတစ်ခုဟာ ပြီးခဲ့တဲ့ ဆယ်ရက်လောက်က ရှင်းလင်းချက် တစ်စုံတစ်ရာ မပေးဘဲ ဖျက်သိမ်းခံရတယ်လို့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဗိုင်းရပ်စ် ပျံ့နှံ့မှုအပေါ် ကိုင်တွယ်ပုံကို ဝေဖန်လျက် ရှိသူ ကျန်းဟိုင်က ပြောပါတယ်။

“ဒါဟာ အာဏာပိုင်တွေ အတော်လေး ကြောက်နေတာကို ပြသနေတာပဲ။ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူတွေရဲ့ အခု ကျန်ရစ်သူ ဆွေမျိုးသားချင်းတွေနဲ့ WHO က ပညာရှင်တွေ ဆုံတွေ့မိမှာကို သူတို့တွေ ကြောက်လန့်နေကြတယ်။”လို့ ကပ်ဘေးအတွင်း ကိုဗစ်-၁၉ သံသယနဲ့ ဖခင် သေဆုံးခဲ့ရသူ အသက် ၅၁ နှစ်အရွယ် ကျန်းဟိုင်က ဆိုပါတယ်။

WHO ပညာရှင်အဖွဲ့ဟာ ဝူဟန်မြို့ဆီ ဇန်နဝါရီ ၁၄ ရက်က ရောက်ရှိလာတာဖြစ်ပြီး ကြာသပတေးနေ့မှ ၁၄ ရက် ကွာရန်တင်း ဝင်နေတာကနေ ထွက်ရမှာ ဖြစ်ပါတယ်။

“ဝူဟန်ဆီ WHO ရောက်လာတော့ အာဏာပိုင်တွေဟာ ကျွန်တော်တို့ရဲ့ ဂရုကို အတင်းဖျက်သိမ်းပစ်လိုက်တယ်။ ဒါကြောင့် ကျွန်တော်တို့ အဖွဲ့ဝင်တွေ အချင်းချင်း ဆက်သွယ်လို့ မရတော့ဘူး။”ဆိုပြီး ကျန်းဟိုင်က ပြောပါတယ်။

အဲဒီ လူမှုမီဒီယာ WeChat ဂရု အဖျက်ခံရတာနဲ့ ပတ်သက်လို့ အခြား အဖွဲ့ဝင်တစ်ဦးကလည်း အတည်ပြုပြောပါတယ်။ WeChat ကို တရုတ်က ဒီဂျစ်တယ်ကုမ္ပဏီကြီး Tencent က ထူထောင်လည်ပတ်နေတာ ဖြစ်ပါတယ်။ ရေပန်းစားတဲ့ လူမှုမီဒီယာ WeChat ဟာ အစိုးရ မနှစ်သက်တဲ့ အကြောင်းအရာတွေကို ဆင်ဆာဖြတ်တောက်နေရပုံလည်း ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required