မြန်မာကလပ်အသင်းတွေ ပါဝင်ယှဉ်ပြိုင်မယ့် ၂၀၂၁ AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်မဲခွဲ

မြန်မာကလပ်အသင်းတွေ ပါဝင်ယှဉ်ပြိုင်မယ့် ၂၀၂၁ AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်မဲခွဲ
Photos: AFC

အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြီးမှူးကျင်းပသွားမယ့် ၂၀၂၁ AFC Cup အုပ်စုအဆင့် ပွဲစဉ်တွေ မဲခွဲပွဲကို ဒီကနေ့ နေ့လယ်ပိုင်းက ပြုလုပ်သွားခဲ့အပြီးမှာတော့ မြန်မာနိုင်ငံကိုယ်စားပြု ကလပ်အသင်းတွေအနက် မြန်မာနေရှင်နယ်လိဂ် (MNL) ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက အုပ်စု (ဈ)၊ ဟံသာဝတီယူနိုက်တက်အသင်းက အုပ်စု (ဆ)တို့မှာ အသီသီးကျရောက်ခဲ့ပါတယ်။

AFC Cup ပြိုင်ပွဲဟာ ဇုန် ၅ ဇုန်ခွဲပြီး အုပ်စု ၁၀ ခုနဲ့ ဇုန်အလိုက် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အသင်းပေါင်း ၃၉ သင်း ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ မြန်မာကလပ်အသင်းတွေကတော့ အာဆီယံဇုန်ထဲမှာ ပါဝင်နေပါတယ်။

ရှမ်းအသင်းက ဖိလစ်ပိုင်ကလပ် ကာယားအက်ဖ်စီ၊ မလေးရှားကလပ် တီရန်ဂန်းနူးနဲ့ စင်္ကာပူကလပ် ဂေးလန်းအသင်းတွေနဲ့ အုပ်စု (ဈ)မှာ ကျရောက်ခဲ့တာဖြစ်ပါတယ်။ ဟံသာဝတီအသင်းအနေနဲ့ ဗီယက်နမ်ကလပ် ဟနွိုင်းအက်ဖ်စီ၊ အင်ဒိုနီးရှားကလပ် ဘာလီယူနိုက်တက်နဲ့ ကမ္ဘောဒီးယားကလပ် ဘွန်ကတ်အက်ဖ်စီအသင်းတို့နဲ့ အုပ်စု (ဆ)မှာ ပါဝင်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

ဒါပေမယ့် ရှမ်းအသင်းဟာ ၂၀၂၁ အာရှချန်ပီယံလိဂ်ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားတာကြောင့် ခြေစစ်ပွဲအဆင့် အောက်မြင်ခဲ့ခြင်းမရှိမှသာ AFC Cup အုပ်စုအဆင့်ကို တိုက်ရိုက်ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အုပ်စုအဆင့်ကို တက်လှမ်းနိုင်ခဲ့မယ်ဆိုရင်တော့ MNL တတိယနေရာ ရရှိထားတဲ့ ဧရာဝတီယူနိုက်တက်အသင်းက ၎င်းနေရာကို အစားထိုး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

အလားတူပဲ MNL ဒုတိယနေရာက ဟံသာဝတီအသင်းက AFC Cup ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်ကနေ စတင်ယှဉ်ပြိုင်ရတာဖြစ်ပြီး ခြေစစ်ပွဲအဆင့်မှာ လာအိုကလပ် လာအိုတိုယိုတာနဲ့ ဘရူနိုင်းကလပ် ကာစူကာအသင်းတို့ ပွဲစဉ်က အနိုင်ရရှိတဲ့ အသင်းနဲ့ မေလ ၁၉ ရက်မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဒီနှစ် AFC Cup ပြိုင်ပွဲကို မေလ ၂၃ ရက်ကနေ နိုဝင်ဘာ ၂၆ ရက်အထိ ကျင်းပသွားဖို့ သတ်မှတ်ထားပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ အခြေအနေမူတည်ပြီး ရက်အပြောင်းအလဲ ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Ref; MNL

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags