ဘောလုံးလောကမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ မစောင့်နိုင်တော့ဘူး - တူချယ်

ဘောလုံးလောကမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ မစောင့်နိုင်တော့ဘူး - တူချယ်
Photo: Chelsea

သောမတ်စ် တူချယ်ကို ၁၈ လ စာချုပ်နဲ့ ချယ်လ်ဆီးနည်းပြအဖြစ် အင်္ဂါနေ့က ခန့်အပ်ခြင်းခံရပြီး သူဟာ ခြင်္သေ့ပြာတွေကို လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွဲတင်ပေးရမယ့် တာဝန်ရှိနေခဲ့ပြီဖြစ်ပါတယ်။ 

အသက် ၄၇ နှစ်အရွယ် ဂျာမန်လူမျိုးနည်းပြဟာ ထုတ်ပယ်ခဲ့တဲ့ ဖရန့်လမ်းပတ်နေရာ အစားထိုးဝင်ရောက်လာခဲ့တာပါ။ သူဟာ ၂၀၀၃ ခုနှစ်မှာ ချယ်လ်ဆီးကို ရုရှားရေနံသူဋ္ဌေးကြီး ရိုမန် အေဘရာမိုဗစ်ချ် ဝယ်ယူပြီးနောက်ပိုင်း အသင်းရဲ့ ၁၃ ယောက်မြောက် နည်းပြဖြစ်လာသူပါ။ 

"ကျနော်နဲ့ ကျနော့်ရဲ့ နည်းပြအဖွဲ့ဝင်တွေကို ယုံကြည်ပေးခဲ့တဲ့အတွက် ချယ်လ်ဆီးအသင်းကို ကျေးဇူးတင်ပါတယ်။"လို့ တူချယ်က ပြောပါတယ်။ 

"ဖရန့်လမ်းပတ်ရဲ့ အလုပ်နဲ့ ချယ်လ်ဆီးမှာ သူချန်ထားခဲ့တဲ့ အမွေအနှစ်တွေအတွက် ကျနော်တို့အားလုံး အကြီးကျယ်ဆုံး လေးစားမှုပေးပါတယ်။ 

"တစ်ချိန်တည်းမှာပဲ ကျနော့်ရဲ့ အသင်းသစ်နဲ့ တွေ့ဆုံဖို့ ကျနော် မစောင့်နိုင်တော့သလို ဘောလုံးလောကမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ကိုလည်း မစောင့်နိုင်တော့ပါဘူး။ အခုဆိုရင် ချယ်လ်ဆီးအသင်း မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းမှာ ပါဝင်ခွင့်ရလို့ အရမ်း ကျေးဇူးတင်ပါတယ်။ ခံစားချက်က အံ့မခန်းပါပဲ။" 

တူချယ်ဟာ ဗုဒ္ဓဟူးနေ့ ပရီးမီးယားလိဂ်မှာ စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်လာမယ့် ဝုလ်ဗ်အသင်းနဲ့ ပွဲကို ချယ်လ်ဆီးနည်းပြဘဝ ပထမဆုံးတာဝန်ယူကိုင်တွယ်မှာဖြစ်ပါတယ်။ 

ကစားသမားတစ်ယောက်အနေနဲ့ ချယ်လ်ဆီးမှာ စံချိန်တင်ဂိုးသွင်းထားသူ လမ်းပတ်ဟာ လိဂ်ပွဲ ၈ ပွဲမှာ ၅ ပွဲအထိ ရှုံးပွဲကြုံတွေ့ပြီးနောက် တနင်္လာနေ့က ရာထူးကနေ ထုတ်ပယ်ခဲ့ရပြီး သူ့ရဲ့အသင်းဟာ အမှတ်ပေးဇယားမှာ မန်ချက်စတာယူနိုက်တက်ရဲ့နောက် ၁၁ မှတ်အကွာ အဆင့် ၉ အထိ ကျဆင်းသွားပါတယ်။ 

ဥရောပထိပ်တန်းကလပ်အများစုက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ စီးပွားရေးအကျိုးဆက်တွေကြောင့် ကစားသမားခေါ်ယူမှု တွန့်ဆုတ်နေချိန်မှာ ချယ်လ်ဆီးအသင်းကတော့ နွေရာသီအပြောင်းအရွှေ့အတွင်း ပေါင်သန်း ၂၀၀ (ဒေါ်လာသန်း ၃၀၀) အထိ သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် အသင်းအခြေအနေက အေဘရာမိုဗစ်ချ် မျှော်လင့်ထားသလို ဖြစ်မလိုခဲ့ပါဘူး။ 

"ဘောလုံးရာသီဝက်ကာလမှာ နည်းပြ အပြောင်းအလဲ လုပ်ဖို့ ဆိုတာ ဘယ်တော့မှ မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် ကျမတို့ဟာ ဥရောပရဲ့ အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်တဲ့ သောမတ်စ်တူချယ်ကို ခေါ်ယူခန့်အပ်နိုင်ခဲ့လို့ အရမ်းပျော်ရွှင်နေပါတယ်။"လို့ ချယ်လ်ဆီးဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကီးယားက ပြောပါတယ်။ 

"ဒီရာသီမှာရော လာမယ့်ရာသီတွေမှာပါ ပွဲတွေ အများကြီး ကစားပြီး အောင်မြင်မှု ရယူနိုင်ဖို့ လုပ်စရာတွေ အများကြီးရှိပါသေးတယ်။" 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly