Apple က iPhones၊ iPads များအား တရုတ်ပြင်ပ အိန္ဒိယနှင့် ဗီယက်နမ်တို့၌ ပြောင်းရွှေ့ထုတ်လုပ်မည်

Apple က iPhones၊ iPads များအား တရုတ်ပြင်ပ အိန္ဒိယနှင့် ဗီယက်နမ်တို့၌ ပြောင်းရွှေ့ထုတ်လုပ်မည်

 ဇန်နဝါရီလ ၂၇ ၊ ၂၀၂၁

Apple ကုမ္ပဏီသည် တရုတ်ပြင်ပ၌ iPhones၊ iPads၊ Macs နှင့် အခြား ထုတ်ကုန်များကို ပြောင်းရွှေ့ထုတ်လုပ်ရေး ပြင်ဆင်လျက် ရှိကြောင်း Nikkei Asia က ကြားသိရသည်။ သမ္မတ ဂျိုးဘိုင်ဒင်၏ လက်ထက်တွင် အမေရိကန်-တရုတ် တင်းမာမှုများ ပြေလျော့လာမည် မျှော်လင့်ချက်များ ရှိနေသည့်ကြားမှ နည်းပညာကုမ္ပဏီကြီး Apple အနေဖြင့် ၎င်း၏ ထုတ်လုပ်မှုပိုင်း တမူဆန်းခြင်းကို ဆက်လက်အရှိန်မြှင့် လုပ်ဆောင်နေသည့် လက္ခဏာရပ်လည်း ဖြစ်သည်။

ယခုနှစ် နှစ်လယ်အစောဆုံးအဖြစ် ဗီယက်နမ်တွင် iPad များ ထုတ်လုပ်မှု စတင်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောရာ ကမ္ဘာ့အကြီးဆုံး tablet ထုတ်လုပ်သူ Apple အနေဖြင့် တရုတ်ပြင်ပ၌ ၎င်း၏ ထုတ်ကုန် တော်တော်များများကို ပထမဆုံး ပြောင်းရွှေ့ထုတ်လုပ်မှု အစပြုခြင်းပဲ ဖြစ်သည်။

ကယ်လီဖိုးနီးယား အခြေစိုက် Apple ကုမ္ပဏီသည် ၎င်း၏ ဒုတိယအကြီးဆုံး ထုတ်လုပ်မှု စက်ရုံအား အိန္ဒိယသို့ ပြောင်းရွှေ့ကာ iPhone များ ထုတ်လုပ်ရေး စတင်လျက် ရှိသည်ဟုလည်း သတင်းရင်းမြစ်များက ပြောပြီး ကုမ္ပဏီ၏ ပထမဆုံး 5G စမတ်ဖုန်းဖြစ်သည့် နောက်ဆုံးပေါ် iPhone 12 များအား ယခု သုံးလပတ်အတွင်း စတင်ထုတ်လုပ်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

ကုမ္ပဏီ၏ ထုတ်လုပ်မှုပိုင်း တမူဆန်းခြင်း မဟာဗျူဟာတစ်စိတ်တစ်ပိုင်းအရ အရှေ့တောင်အာရှ၌ ၎င်း၏ စမတ်စပီကာ၊ နားကြပ်နှင့် ကွန်ပျူတာများ ထုတ်လုပ်နိုင်စွမ်းကိုလည်း မြှင့်တင်လျက်ရှိသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

“Apple နဲ့ အခြား နည်းပညာကုမ္ပဏီ အများစုဟာ တရုတ်ပြင်ပမှာ ထုတ်လုပ်နိုင်စွမ်းကို လိုချင်နေကြပြီ။ အမေရိကန်မှာ သမ္မတသစ် တက်လာတဲ့ကြားမှာတောင် ဒီ အနေအထားက ပြောင်းမသွားဘူး။”ဟု ဈေးကွက်မန်နေဂျာတစ်ဦးက ပြောသည်။

“အဲဒီလို ကုမ္ပဏီတွေဟာလည်း တရုတ်ပြင်ပမှာ အရံထုတ်လုပ်မှု ထားဖို့အတွက် ပြင်ဆင်လေ့လာနေတာမျိုး မဟုတ်ဘူး။ ဥပမာအနေနဲ့ Apple ဆိုရင် နေရာသစ်တွေမှာ ထုတ်လုပ်မှုစွမ်းရည်တွေ တည်ဆောက်လိုနေတယ်။ အများအားဖြင့်တော့ အရှေ့တောင်အာရှနိုင်ငံတွေမှာပဲ။ iPhones၊ iPads၊ MacBooks၊ AirPods နဲ့ အခြား အဓိကထွက်ကုန်နည်းပညာပစ္စည်းတွေကို နေရာသစ်မှာ ထုတ်လုပ်ဖို့ ရည်သန်နေတယ်။ လွန်ခဲ့တဲ့နှစ်နှစ်ကဆို ဒါမျိုးဖြစ်လာမယ်ဆိုတာမျိုး ပြောဖို့ ခက်ခက်ပဲ၊ ဒါပေမယ့် အခု လက်ရှိခေတ်မှာတော့ ထုတ်လုပ်မှုအရွေ့ဟာ မဖြစ်နိုင်စရာ ဘာမှ မရှိတော့ဘူး။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly