သြစတြေးလျမှာ ဗိုင်းရပ်စ်စည်းမျဉ်းတွေ ဖီဆန်ပြီး လူထောင်ချီစု‌ဝေးကာ ‘အမျိုးသားနေ့’ ကို ဆန္ဒပြ

သြစတြေးလျမှာ ဗိုင်းရပ်စ်စည်းမျဉ်းတွေ ဖီဆန်ပြီး လူထောင်ချီစု‌ဝေးကာ ‘အမျိုးသားနေ့’ ကို ဆန္ဒပြ
Photo - AFP

ဇန်န၀ါရီ ၂၇

သြစတြေးလျမှာ နိုင်ငံသား ထောင်နဲ့ချီတို့ဟာ ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းတွေကို ဖီဆန်ရင်း ယမန်နေ့ ဇန်န၀ါရီ ၂၆ ရက်က စု‌‌ဝေးပြီး နိုင်ငံရဲ့ အမျိုးသားနေ့ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ သြစတြေးလျ အမျိုးသားနေ့ကိုတော့ အဆိုပါ ကျယ်ပြောလှတဲ့ တိုက်ကို ဗြိတိသျှတို့ ကိုလိုနီပြုခဲ့မှု နှစ်ပတ်လည်နေ့မှာ ကျင်းပနေတာ ဖြစ်ပြီး ဌာနေတိုင်းရင်းသားတွေကတော့ ယင်းနေ့ကို ‘ကျူးကျော်တဲ့ နေ့’ ရယ်လို့ သတ်မှတ်ကြပါတယ်။

သြစတြေးလျနေ့လို့ တရား၀င် အသိအမှတ်ပြုထားတဲ့ ဇန်န၀ါရီ ၂၆ ရက်မှာတော့ ဌာနေတိုင်းရင်းသားတွေ တွေ့ကြုံခံစားခဲ့ရတဲ့ မတရားမှုတွေကို သတိမူအာရုံစိုက်စေအောင် ဆွဲဆောင်တဲ့ စုဝေးမှုတွေကို နှစ်စဥ်နှစ်တိုင်းပဲ တွေ့မြင်ရပါတယ်။ အဲဒီလို စု‌ဝေးမှုတွေမှာလည်း ဒီ အမျိုးသားနေ့ကို ရက်ပြောင်းကျင်းပဖို့ အစိုးရကို တိုက်တွန်းတောင်းဆိုမှုတွေ လုပ်ကြပါတယ်။

မျက်မှောက်ခေတ် နိုင်ငံရဲ့ မူလဇာစ်မြစ်တွေနဲ့ပတ်သက်လို့ အောင်ပွဲခံမှုဟာ အဆိုပါ မြေပေါ်မှာ နှစ်ပေါင်း ၆၅,၀၀၀ ကြာ အခြေချနေထိုင်ခဲ့တဲ့ ဌာနေတိုင်းရင်းသားတွေအတွက် ၀မ်းနည်းပူဆွေးမှု အချိန်တစ်ခု ဖြစ်နေပါတယ်။ ၁၇၈၈ ခုနှစ်က ဗြိတိန် အခြေချသူတွေတွေ ရောက်ရှိခဲ့မှုကိုလည်း ရာစုနှစ် နှစ်ခုကြာ နာကျင်ခံစား အတိဒုက္ခတွေ့ကြုံရမှုတွေရဲ့ အစအဖြစ် ရှုမြင်ကြပါတယ်။

ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ယမန်နေ့က ဆစ်ဒနီမြို့လယ်က ပန်းခြံတစ်ခုမှာ စု‌ဝေးခဲ့ကြရင်းနဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ လူ ၅၀၀ ဦးအထိပဲ စု‌ဝေးနိုင်တဲ့ ကန့်သတ်ချက်တစ်ခု ချိုးဖောက်မှုအတွက် ဖမ်းဆီးဒဏ်ငွေရိုက်ခံရမယ်ဆိုတဲ့ ရဲခြိမ်းခြောက်မှုတွေကို အံတုဖီဆန်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ပုံမှန်အားဖြင့် လုပ်ဆောင်နေကြဖြစ်တဲ့ မြို့ထဲ ချီတက်မှု အစီအစဥ်တစ်ခုကိုတော့ ဆန္ဒပြပွဲစီစဉ်သူတွေက ယခုနှစ်မှာ ဖျက်သိမ်းခဲ့ပါတယ်။

လူငါးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး ၎င်းတို့အနက် တစ်ဦးကိုတော့ ရဲတပ်ဖွဲ့၀င်တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ စွဲချက်တင်ထားတယ်လို့ ရဲတွေက ပြောပါတယ်။

ဆန္ဒထုတ်ဖော်မှုတွေအတွင်း “အချုပ်အချာအာဏာကို ဘယ်တုန်းကမှ မပေးအပ်ခဲ့ရဘူး” ၊ “ တရားမျှတမှုမရှိရင် ငြိမ်းချမ်းမှု မရှိ” ဆိုပြီး ကြွေးကြော်အော်ဟစ်ခဲ့ကြသလို ဆန္ဒပြသူတစ်ချို့ကလည်း “အောင်ပွဲခံ ချီးကျူးဂုဏ်ပြုရမယ့် နေ့တစ်နေ့ မဟုတ်ဘူး” ၊ “ လူမည်းတွေရဲ့ အသက်ဟာ တန်ဖိုးရှိတယ်” ဆိုတဲ့ ဆောင်ပုဒ်တွေပါ ပိုစတာတွေကို ကိုင်မြှောက်ထားခဲ့ကြပါတယ်။

“ကျွန်တော်တို့အတွက်ကတော့ အဲဒါက ယဥ်ကျေးမှုဆိုင်ရာ မျိုးဖြုတ်သတ်ဖြတ်မှုကို ကိုယ်စားပြုပါတယ်၊ ကျွန်တော်တို့ရဲ့ မိသားစုတွေဟာ မွှေနှောက်ဖျက်ဆီးခံခဲ့ရပါတယ်၊ ရောဂါတွေနဲ့ ဆာလောင်ငတ်မွတ်မှုတွေကိုလည်း နှစ်တွေအကြာကြီးကြုံခဲ့ရပါတယ်၊ မျိုးဆက်တွေတစ်ခုပြီးတစ်ခု ဒါရဲ့ သက်ရောက်မှုကို ခုချိန်ထိ ခံစားနေရဆဲပါ” လို့ သြစတြေးလျရဲ့ တိုင်းရင်းသားမျိုးနွယ်၀င် အမျိုးသားတစ်ဦးဖြစ်တဲ့ ဒိုင်လန် ဘုသ် က ပြောသွားခဲ့ပါတယ်။

နိုင်ငံတစ်၀န်း အဓိကမြို့ကြီးတွေက ဆန္ဒပြပွဲတွေမှာ လူထောင်ချီ တက်ခဲ့ကြပြီး တက်ရောက်သူတွေ နှာခေါင်းစည်းတွေ တက်ကြဖို့နဲ့ တတ်နိုင်သမျှ သီးခြားခပ်ခွာခွာ နေကြဖို့ ပွဲစီစဥ်သူတွေက တိုက်တွန်းခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly