လွိုင်ကော်တွင် လယ်ယာမြေ ဥပဒေနှင့်အညီ မဆောင်ရွက်သည့် နိုင်ငံ့ဝန်ထမ်းများကို စိစစ် အရေးယူမည်

လွိုင်ကော်တွင် လယ်ယာမြေ ဥပဒေနှင့်အညီ မဆောင်ရွက်သည့် နိုင်ငံ့ဝန်ထမ်းများကို စိစစ် အရေးယူမည်
ဓာတ်ပုံ - စောသန်းထိုက်ဦး

ဇန်နဝါရီ ၂၇၊ ၂၀၂၁

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း လယ်ယာမြေ ပုံစံ (၇) နှင့် ပတ်သက်၍ ဥပဒေနှင့် ကိုက်ညီခြင်း မရှိဘဲ ဆောက်ရွက်ပေးနေသည့် နိုင်ငံ့ဝန်ထမ်းများကို စိစစ်တွေ့ရှိပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကယားပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြောသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့က ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် (၂၀) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် မယ့်စဲ့မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက လွိုင်ကော်မြို့နယ်အတွင်း လယ်ယာမြေများကို အကွက်ရိုက်ပြီး ရောင်းချနေခြင်းအပေါ် မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ဟု သိရှိလိုကြောင်း အဆိုအား ပြည်နယ်ဝန်ကြီး ဦးမော်မော်က ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

“ဥပဒေနဲ့အညီ မဟုတ်ဘဲ ပုံစံ (၇) တွေကို ခွဲခြမ်းစိတ်ဖြာ ထုတ်ပေးနေမှုတွေကို စိစစ်ပြီးတော့ ဥပဒေမဲ့ ဆောင်ရွက်တဲ့ ဝန်ထမ်းတွေ ရှိတယ်ဆိုရင်လည်း နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးခွန်းကို ဖြေကြားအပ်ပါတယ်” ဟု ဦးမော်မော်က ဆိုသည်။

ပုံစံ (၇) ဆိုသည်မှာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ဖြစ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့် ဆိုသည်မှာလည်း လယ်ယာမြေကို လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်းကို ဆိုလိုကြောင်း သိရသည်။

လွိုင်ကော်ခရိုင်အတွင်း လယ်ယာမြေများကို အကွက်ရိုက် ရောင်းချမှုနှင့် ကျူးကျော် နေထိုင်မှုများတို့ကို  တတိယအကြိမ် သတိပေး တားမြစ်စာ ထုတ်ပြန်ထားပြီး ဖြစ်သည်။  

“ခြံစည်းရိုးတိုင်တွေ ဖြုတ်ခြင်း၊ နေအိမ်ဆောက်လုပ်မှုများ ဖျက်သိမ်းခြင်း မရှိဘူးဆိုရင် လယ်ယာမြေ ဥပဒေ ပုဒ်မ ၁၉ အရ လယ်ယာမြေ နည်းဥပဒေများနဲ့အညီ စုံစမ်းစစ်ဆေးပြီး လယ်ယာမြေ စီမံခန့်ခွဲမှုအောက်မှာ ဖော်ပြတဲ့ အမိန့်ထဲက ဖြစ်စေ၊ တစ်ရပ်ထက်ပိုပြီးတော့ ဖြစ်စေ ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးမော်မော်က ရှင်းပြသည်။

လွိုင်ကော်မြို့နယ်အတွင်းရှိ နိုးကိုး ကျေးရွာအုပ်စု၊ လောပိတမြို့၊ ချိကယ် ကျေးရွာအုပ်စု၊ ပန်းကန်း ကျေးရွာအုပ်စု၊ ကုန်းသာ ကျေးရွာအုပ်စု၊ ပိန်းချစ် ကျေးရွာအုပ်စု၊ မိုင်းလုံး ရပ်ကွက်၊ ဒေါဥခူ ရပ်ကွက်တို့တွင် လယ်ယာမြေများကို ဥပဒေအရ အခြား အသုံးပြုခွင့် မရှိဘဲ ခြံကွက် ရိုက်ခြင်း၊ အဆောက်အဦများ ဆောက်လုပ်နေခြင်းများရှိကြောင်း သိရသည်။

ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက “ကျွန်နော်တို့ မြေတိုင်း ဦးစီးမှူးကို ခေါ်စစ်တော့ သူ့လူတွေကို ဒီလို ကြားနာပွဲတွေ မလုပ်ပါနဲ့ ပြောတဲ့အခါ ကျွန်တော်ပြောတာ ရှင်းရှင်းလေး၊ သူ့လူတွေက မှားနေတာကို ဦးစီးတစ်ယောက်အနေနဲ့ ဘယ်လို ဖြေရှင်းပေးမလဲ၊ ပြည်သူတွေအတွက်ကို နစ်နာရှုံးဆုံးမှုတွေကို ဘယ်လို ပြန်လုပ်ပေးမလဲ ကျွန်တော် ပြန်ပြောတဲ့အခါ သူဘာမှ ပြန်မပြောတော့ပါဘူး။ ဒါ အမှန်တရားကို ပွင့်ပွင့်လင်းလင်း ပြောတာ။ ကိုယ့်လူက စားနေလို့ရှိရင် မင်းဒီလို မစားရဘူး၊ ပြန်ပေးရမယ် ဆိုတဲ့ဟာကို ဦးစီးမှူး တစ်ယောက်အနေနဲ့ မားမားမတ်မတ် ရပ်တည်ပေးရမယ်လေ။ ဝန်ထမ်းမကောင်း ဝန်ထမ်းဘက်ကပေါ့၊ ရွာသား မကောင်းရင်း ရွာသား ဘက်ကပေါ့၊ ပြည်သူ မကောင်းရင် ပြည်သူဘက်ကပေါ့။ အဲဒီလို ရပ်တည်မှသာလျှင် ကယားပြည်နယ်ဟာ ဖွံ့ဖြိုးမယ်လို့ ကျွန်တော့အနေနဲ့ မြင်တယ်ပေါ့လေ” ဟု သတင်းထောက်များကို ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly