ဒေသခံများကတိုင်ကြားထားသည့် တွံတေးရှိ ရွှေနဂါးဓာတ်မြေဩဇာစက်ရုံကို တိုင်းဝန်ကြီးချုပ် စစ်ဆေးမည် 

ဒေသခံများကတိုင်ကြားထားသည့် တွံတေးရှိ ရွှေနဂါးဓာတ်မြေဩဇာစက်ရုံကို တိုင်းဝန်ကြီးချုပ် စစ်ဆေးမည် 
Photo Credit - ရဲဝင်းထွဋ်

ဇန်နဝါရီလ ၂၆ ၊ ၂၀၂၁

သက်ဆိုင်ရာက အရေးယူပေးရန် ဒေသခံများ တိုင်ကြားထားသည့် တွံ့တေးမြို့နယ် ကန်ပတ်ရိုးကျေးရွာနှင့် ထန်းတစ်ပင် ကျေးရွာအနီးရှိ မြန်မာရွှေနဂါး ဓာတ်မြေဩဇာစက်ရုံကို ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကိုယ်တိုင် သွားရောက်စစ်ဆေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

တွံတေး- မအူပင် ကားလမ်းမပေါ်ရှိ အဆိုပါစက်ရုံမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများနှင့် အနံ့ဆိုး ပြဿနာများကြောင့် အရေးယူပေးရန် ကန်ပတ်ရိုးနှင့် ထန်းတစ်ပင် ကျေးရွာဒေသခံ ၂၀ ခန့်သည် ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးသို့ လာရောက်တိုင်တန်းခဲ့ရာ ဝန်ကြီးချုပ်က ၎င်းကိုယ်တိုင် ကွင်းဆင်းစစ်ဆေးရန် ကတိပေးခဲ့ခြင်း ဖြစ်သည်။ 

“ဦးဖြိုးမင်းသိန်းက မနက်ဖြန်ကျရင် ဝန်ကြီးနှစ်ဦးကို ရွာကိုလာပြီး စစ်ဆေးခိုင်းပါမယ်တဲ့။ သန်ဘက်ခါ ကျရင်တော့ သူကိုယ်တိုင် လာခဲ့ပါမယ်တဲ့။ သူတို့ ဆင်းပြီး စစ်ဆေးပေးမယ်။ ဥပဒေအတိုင်း ဆောင်ရွက်မှာပေါ့။ လောလောဆယ်မှာတော့ ဘာမှမစစ်ဆေးရသေးလို့ ရွာကိုလာပြီးတော့ ရွာသားတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောရုံပဲ ရှိတာပေါ့ ” ဟု ဒေသခံများ ကူညီဆောင်ရွက်ပေးနေသူ ဦးရဲဝင်းထွဋ်က ပြောသည်။ 

အဆိုပါ အရေးကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့က ကူညီဖြေရှင်းရန် ဒေသခံများက သုံးကြိမ်တိုင် တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူဖြေရှင်းပေးခြင်းမျိုး မရှိသည့်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ လာရောက်တိုင်တန်းရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ 

ရွှေနဂါး ဓာတ်မြေဩဇာ စက်ရုံနှင့် ကိုက် ၅၀၀ခန့် အကွာအဝေးတွင် တည်ရှိသည့် ကန်ပတ်ရိုးကျေးရွာနှင့် ထန်းတစ်ပင် ကျေးရွာ ဒေသခံများမှာ စက်ရုံမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်များနှင့် အမှုန်အမွှား အနံ့ဆိုးများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ကျန်းမာရေး ထိခိုက်မှု ကြုံနေရကြောင်း ဒေသခံများက ပြောသည်။ 

ကျေးရွာနေထိုင်သူများသည် စက်ရုံက ထွက်ရှိသည့် အမှုန်အမွားနှင့် အနံ့ဆိုးများ၏ ဒဏ်ကို နှစ်နှစ် နီးပါးကြုံတွေ့ခဲ့ရာ ရေရှည်တွင် ကျန်းမာရေးပိုမိုထိခိုက်လာနိုင်သည့်အတွက် စက်ရုံပိတ်သိမ်းရန် တောင်းဆိုခြင်းဖြစ်ကြောင်း ကန်ပတ်ရိုးကျေးရွာ ဒေသခံ ဦးကျော်ဇေယျက ပြောသည်။ 

“အနံ့ရရင် အော့အန်ချင်တယ်။ ဇာတ်ကြောတွေ ထိုးတယ်။ အခုလောလောဆယ်ဖြစ်တဲ့ ပြဿနာက။ နောက်ပြီးတော့ ခေါင်းမူးတယ်။ ယောက်ျားလေးတွေတောင် ဖြစ်တယ်။ မိန်းကလေးတွေဆို ပိုဆိုးတာပေါ့နော်။ သက်ကြီးရွယ်အိုတွေ၊ အနံ့က လေပင့်ရင် ပင့်သလို အနံ့က ပြင်းပြင်းထန်ထန်ဆိုးတာ ” ဟု ဦးကျော်ဇေယျက ပြောသည်။ 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း စက်ရုံမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို မြောင်းထဲသို့ စွန့်ပစ်ရာ ငါးများသေဆုံးပြီး ကွမ်းခြံများ ပျက်စီးသွားသည့်အတွက် စက်ရုံပိတ်သိမ်းရန် ဒေသခံများက ဆန္ဒဖော်ထုတ်ခဲ့ကြသေးသည်။ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့သို့ ဒေသခံများလာရောက် တောင်းဆိုမှုပြုရာတွင် ရွှေနဂါးဓာတ်မြေဩဇာ စက်ရုံ ပိတ်သိမ်းပေးရေး၊ ဓာတ်မြေဩဇာ စွန့်ပစ်ပစ္စည်းများကြောင့် ကျေးရွာအတွင်း ပျက်စီးသွားသော သောက်သုံးရေကန်များကို ပြန်လည်ပြုပြင်ပေးရေးနှင့် ပျက်စီးသွားသော ကွမ်းခြံပိုင်ရှင်များကို လျော်ကြေးပေးရေးတို့ကို  တောင်းဆိုခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required