'ဒီအချိန်မှာ ဖရန့်က သူ့ကို စကားပြောဆိုနေချင်တယ်လို့ ကျနော် မထင်ပါဘူး။' - မော်ရင်ဟို

'ဒီအချိန်မှာ ဖရန့်က သူ့ကို စကားပြောဆိုနေချင်တယ်လို့ ကျနော် မထင်ပါဘူး။' - မော်ရင်ဟို
Photos: EPA

ဟိုဆေး မော်ရင်ဟိုက မကြာသေးခင်က ချယ်လ်ဆီးအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဖရန့်လမ်းပတ်နဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိရကြောင်း ပြောဆိုခဲ့သလို သူ့ရဲ့ကွင်းလယ်ကစားသမားဟောင်းဟာ သူအပါအဝင် ဘယ်သူနဲ့မှကို စကားပြောဆိုချင်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုသွားပါတယ်။ 

လမ်းပတ်ဟာ မော်ရင်ဟိုလက်အောက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၂၀၀၄ ကနေ ၂၀၀၇ အထိ ကစားခဲ့ပြီး ၂၀၁၃ မှာလည်း ထပ်မံ ကစားခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ်၊ လိဂ်ဖလား နှစ်ကြိမ်၊ အက်ဖ်အေဖလား တစ်ကြိမ်နဲ့ ကွန်မြူနတီးဒိုင်းတစ်ကြိမ် ဆွတ်ခူးခဲ့ပါတယ်။ 

မော်ရင်ဟိုဟာ လမ်းပတ်လိုပဲ ချယ်လ်ဆီးအသင်းကနေ ထုတ်ပယ်ခံရဖူးသူပြီး ၂၀၀၇ ခုနှစ်က အသင်းနဲ့ လမ်းခွဲခဲ့ပြီး အေဗရန် ဂရန့်နဲ့ အစားထိုးခဲ့သလို ၂၀၁၅ ခုနှစ်မှာ ဒုတိယအကြိမ် လမ်းခွဲခဲ့ပြန်ပြီး ချယ်လ်ဆီးက သူ့နေရာကို နည်းပြ ကွန်တီနဲ့ အစားထိုးခဲ့ပါတယ်။ 

"ဒီအချိန်မှာတော့ ဖရန့်က သူရဲ့ မိသားစုဝင်တွေနဲ့ အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းတွေကလွဲပြီး ကျနော်အပါအဝင် ဘယ်သူနဲ့မှကို စကားပြောချင်နေမှာ မဟုတ်ဘူးလို့ ကျနော် ထင်မိပါတယ်။"လို့ မော်ရင်ဟိုက ပြောပါတယ်။ 

"ဒါပေမယ့် ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တယောက် သူ့ရဲ့ အလုပ်ကနေ ထုတ်ပယ်ခဲ့လိုက်ရပြီဆိုတိုင်း ကျနော် အမြဲတမ်း ဝမ်းနည်းမိရတယ်။ ဖရန့်ဆိုတာ ကျနော့်အတွက်တော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆိုတာထက်ကို ပိုပါတယ်။ သူက ကျနော့်ရဲ့ နည်းပြဘဝမှာ အရေးပါခဲ့တဲ့ သူတစ်ယောက်ဖြစ်လို့ အခုလို သူကြုံတွေ့ရတဲ့အပေါ် စိတ်မကောင်းဖြစ်မိရတယ်။ 

"ဒါပေမယ့်လည်း ဒါဟာ ဘောလုံးလောကရဲ့ ရက်စက်မှုဖြစ်တယ်။ အထူးသဖြင့် မော်ဒန်ဘောလုံးလောကမှာပေါ့။ ခင်ဗျာအနေနဲ့ အသင်းတစ်သင်းရဲ့ နည်းပြဖြစ်လာပြီဆိုရင် ဒီလိုအရာတွေနဲ့ အနှေးနဲ့ အမြန် ခင်ဗျာဆီ ဖြစ်ပျက်တော့မယ်ဆိုတာ သိရှိထားဖို့ပါပဲ။" 

၂၀၁၉ ဇူလိုင် ၄ ရက်က ချယ်လ်ဆီးနည်းပြဖြစ်လာခဲ့တဲ့ လမ်းပတ်ဟာ အသင်းကို ပထမဆုံးကိုင်တွယ်စဉ်က ကစားသမားခေါ်ယူခွင့်ပိတ်ပင်မှုနဲ့ ကြုံရပေမယ့် အသင်းကို အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့ပြီး အသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယရာသီမှာတော့ ပြောင်းရွှေ့ကြေး အလုံးအရင်းနဲ့ ကစားသမားသစ်တွေ ခေါ်ယူခွင့်ရပေမယ့် ရလဒ်တွေကတော့ ဆိုးရွားနေတာကြောင့် သူ့ကို ထုတ်ပယ်လိုက်ဖို့ အသင်းက ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly