“Facebook နဲ့ လုံခြံုမှု ကွန်ရက် တည်ဆောက်ရအောင်”

“Facebook နဲ့ လုံခြံုမှု ကွန်ရက် တည်ဆောက်ရအောင်”
(ဓာတ်ပုံ - အီးပီအေ)

အထူးပြောဖို့ လိုမယ် မထင်ပါဘူး။ ခုရက်ပိုင်း စိတ်ဝင်စားဖို့ အကောင်းဆုံး သတင်းကတော့ ကလေးငယ်တစ်ယောက် နှိပ်စက်ခံနေရတာကို Facebook ကနေတဆင့် ဖော်ထုတ်ပြီး သက်ဆိုင်သူတွေကို ဥပဒေ ရှေ့မှောက်အရောက် ပို့ကြတဲ့ သတင်းပါ။ ဒီနေရာမှာ စိတ်ဝင်စားစရာ နှစ်ပိုင်း ရှိပါတယ်။ တစ်ပိုင်းကတော့ ကလေးငယ် နှိပ်စက်ခံရတဲ့ ဖြစ်ရပ်ဖြစ်ပြီး နောက်တစ်ပိုင်းကတော့ Facebook အသုံးပြုပြီး ဖြစ်သင့်ဖြစ်ထိုက်တာကို လုပ်ကိုင်ဆောင်ရွက်ကြတာပါ။ အဲဒီ နှစ်မျိုးစလုံးအကြောင်း ဆွေးနွေးကြည့်ကြရအောင်ပါ။

ဖြစ်ရပ် ဇာတ်လမ်းအကျဉ်းကတော့ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်းက ခြံတစ်ခြံမှာ မိန်းကလေးငယ်လေး တစ်ယောက် အရွယ်နဲ့မမျှအောင် နှိပ်စက်ခံနေရတာကနေ စပါတယ်။ သူ့ကို နှိပ်စက်တာကလည်း အိမ်အတွင်းထဲမှာချည်း မဟုတ်ပါဘူး။ အိမ်အပြင် ခြံထဲကို ထုတ်ပြီး လက်ပြန်ကြိုးတုတ်၊ ညှင်းပန်းနှိပ်စက်တဲ့ အဆင့်ထိ ရောက်ပါတယ်။ ဒါကို ခြံဝင်းအနား နေသူတစ်ယောက်က နေ့စဉ်ရက်ဆက် မြင်တွေ့၊ ကြားသိနေရတော့ တစ်စုံတစ်ရာ ဖြစ်သင့်ဖြစ်ထိုက်တာ ဖြစ်အောင် Facebook လူမှုကွန်ရက် စာမျက်နှာပေါ် တင်တာကနေ အစပြုပါတယ်။

အဲဒီသတင်း Facebook ပေါ်ကို ပြန့်နှံ့သွားတဲ့အခါ နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ် အမြောက်အများ အခြေစိုက်တဲ့ ရန်ကုန်မြို့က သတင်းထောက်တွေ လိပ်စာအတိုင်း လိုက်ပြီး အဲဒီနေအိမ်အထိ ရောက်သွားကြ ပါတယ်။ သတင်းတွေ မေးကြပါတယ်။ ရိုက်နှက်သူနဲ့ ကလေးငယ်ကို မတွေ့ရပေမယ့် ဒါဟာ အဖြစ်မှန်ပဲ ဆိုတာ သိသွားကြလေတော့ သက်ဆိုင်ရာ ရဲစခန်းကလည်း ဒီအတိုင်း နေလို့ မရတော့ပါဘူး။ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ကြပါတော့တယ်။

ဖေ့ဘွတ်ခ်ထဲ ပျံ့နှံ့နေတဲ့ ကိစ္စတစ်ခု ဖြစ်တဲ့အတွက် ဆိုရှယ်မီဒီယာ သုံးစွဲသူတွေကြား ဒီသတင်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပြီး နောက်ဆက်တွဲ လိုအပ်တဲ့ စုံစမ်းမှုတွေကို ဝင်ရောက် လုပ်ကိုင်သူက လုပ်ကိုင်၊ ကူညီသူတွေကလည်း ကူညီကြပါတယ်။ ဒီလိုနဲ့ အဲဒီကလေးရဲ့ မိဘဆိုသူတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး အခင်းဖြစ်ပွားတဲ့ အိမ်ကို ကလေးငယ် ဘယ်လို ရောက်သွားသလဲဆိုတဲ့ သတင်းတွေကလည်း အထောက်အထားတွေနဲ့တကွ ထွက်ပေါ်လာပါတယ်။ လက်ရှိ ပြဿနာဖြစ်တဲ့ နေအိမ်က အိမ်ပိုင်ရှင်ဟာ ကလေးငယ်ကို သူ့မိဘတွေဆီကနေ ကျပ်ငွေ ၁၀ သိန်းနဲ့ မွေးစားဖို့ ခေါ်ယူလာတယ်လို့ ဆိုပါတယ်။ စာချုပ်စာတန်းတွေပါ ဖေ့ဘွတ်ခ်မှာ ပျံ့နှံ့ခဲ့ပြီး ဒါဟာ မွေးစားတာနဲ့ မတူ၊ လူကို ဝယ်ယူတာနဲ့ တူတယ်၊ လူကုန်ကူးမှုသဖွယ် ဖြစ်နေတယ်ဆိုပြီး ဝေဖန်ထောက်ပြမှုတွေလည်း ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖေ့ဘွတ်ခ်ကြောင့် မှုခင်းဟာ တစ်ခုပြီးတစ်ခု တစ်စပြီးတစ်စ အဖြစ်မှန်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ နောက်ဆုံး အဲဒီကလေးနဲ့ သူ့ကို ရိုက်နှက် နှိပ်စက်သူလို့ စွတ်စွဲခံထားရတဲ့ အိမ်ဖော်တို့လည်း ဗဟန်းရဲစခန်းကို ရောက်၊ အမှုဖွင့်ထားပြီးပါပြီ။ ကလေးငယ်ကိုလည်း ဆေးရုံကြီးပို့ ဆေးစစ်၊ လိုအပ်တဲ့ ကုသမှုတစ်ချို့လည်း လုပ်ပေးထားပြီးပါပြီ။ ဇာတ်လမ်းကတော့ ဆက်နေဆဲပါပဲ။ ဖေ့ဘွတ်ခ်ထဲမှာလည်း ဆက်ပြီး ပျံ့နေဆဲပါပဲ။

ဒီဇာတ်လမ်းလေးကိုကြည့်ရင် ဖေ့ဘွတ်ခ်ရဲ့ အလွန်အသုံးတည့်မှု၊ ထိရောက်မှု စတာတွေကို မြင်ကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးက ပြောပြတာကတော့ ပြည်သူတွေဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေကို ခုလို မတရားမှုတွေကို ဖွင့်ချရာမှာ ထိထိရောက်ရောက် အသုံးပြုနိုင်တယ် ဆိုတာပါပဲ။ ဖေ့ဘွတ်ခ်ကို တခြား အသုံးပြုလို့ အများကြီး ရနိုင်ပါသေးတယ်။ သုံးလဲ သုံးနေကြပါတယ်။ ဒီနေရာမှာ ပြည်သူ့ လုံခြုံရေး ကိစ္စကိုလည်း ထိထိရောက်ရောက် သုံးနိုင်တဲ့အကြောင်း ပြောပြချင်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း နိုင်ငံတစ်နိုင်ငံ လုံခြုံရေး တရားဥပဒေ စိုးမိုးရေး အလွန်အရေးကြီးပါတယ်။ ဒီလုံခြုံရေးဆိုင်ရာ ကိစ္စတွေကို ရဲတပ်ဖွဲ့ တစ်ခုတည်းနဲ့ ကောင်းကောင်းမွန်မွန် မဆောင်ရွက်နိုင်ပါဘူး။ ပြည်သူတွေ အားလုံးပါဝင်မှ ဖြစ်နိုင်ပါမယ်။ ခုဆိုရင် အနောက်နိုင်ငံတွေမှာ အကြမ်းဖက်မှု ကျူးလွန်တာတွေ၊ ရာဇဝတ်ကျူးလွန်နေကြတဲ့ အကြောင်းတွေ ကြားသိကြရမှာပါ။ သူတို့တွေဟာ အကြမ်းဖက်မှု ကျူးလွန်သူတွေ၊ ရာဇဝတ်မှု ကျူးလွန်သူတွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ခြေရာခံနိုင်ကြတာကို တွေ့ကြရမှာပါ။ အဲလို ဖြစ်ရတာဟာ သက်ဆိုင်ရာ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ စွမ်းရည် ထက်မြက်မှု၊ အတွေ့အ ကြုံ ကြွယ်ဝမှု၊ နည်းပညာ အထောက်အကူ စုံလင်မှု အပြင် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကလည်း အလွန်အရေးပါပါတယ်။ ပြည်သူလူထု ပါဝင်ပူးပေါင်းမှု မရှိရင် ခုလို အောင်မြင်မှုရအောင် သိပ်ပြီး စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ သူတို့ဆီမှာ ပြည်သူလူထုဟာ ဖြစ်ရပ်မှန်တွေကို အမှန်အတိုင်း ပြောကြပါတယ်။ အာဏာပိုင်တွေက အကြမ်းဖက်သမားတွေ၊ ရာဇဝတ်သားတွေလို့ ကြေငြာထားသူတွေကို တွေ့ရင်၊ ကြုံရင် ဘယ်တော့မှ ထိန်ချန် မထားတတ်ကြပါဘူး။ ကြောက်ရွံ့ပြီး မပြောဘူး ဆိုတာမျိုးလည်း မလုပ်ပါဘူး။ သတင်းပို့ကြ၊ လုံခြုံရေး အဖွဲ့အစည်းတွေကို ပူးပေါင်းကြ လုပ်ပါတယ်။ လုံခြုံရေး အဖွဲ့အစည်းတွေကလည်း ပူးပေါင်းကူညီတဲ့ ပြည်သူတွေကို အပြည့်အ၀ အကာအကွယ် ပေးကြပါတယ်။ အဲလို ပြည်သူလူထုရဲ့ ပူးပေါင်းကူညီမှုနဲ့သာလျှင် အာဏာပိုင်တွေဟာ အကြမ်းဖက်သမားတွေ ရာဇဝတ်သားတွေကို လျင်လျင်မြန်မြန် ဖော်ထုတ် အရေးယူနိုင်တာပါ။

မြန်မာနိုင်ငံမှာ အဲလို ဖြစ်ဖို့ဆိုရင် ရဲတပ်ဖွဲ့လို လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေဟာ ပြည်သူလူထု ယုံကြည်ကိုးစားရတဲ့ အဖွဲ့အစည်းမျိုးဖြစ်အောင် တည်ဆောက်ဖို့ လိုပါတယ်။ သတင်းပေးတဲ့ ပြည်သူ၊ ကူညီတဲ့ ပြည်သူကို ဒုက္ခမပေးဖို့၊ အပူမပေးဖို့ လိုပါတယ်။ လိုအပ်ရင် ကာကွယ်စောင့်ရှောက်တာမျိုး လုပ်ရပါမယ်။ ဥပမာ အခု ဗဟန်းက ကလေးငယ်ကိစ္စမှာ ဖော်ထုတ်ခဲ့တဲ့ ဦးစည်သူ လိုမျိုးဖြစ်ပါတယ်။ မတော်တဆမှုတွေမှာ ကူညီကြတဲ့ ပြည်သူတွေကို ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ အဲလို ဖြစ်လာရင် ပြည်သူလူထုကလည်း ပါဝင်ပူးပေါင်းပြီး တရားဥပဒေ ချိုးဖေါက်မှုတွေ မသမာမှုတွေကို ဖော်ထုတ်နိုင်ကြပါလိမ့်မယ်။ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု၊ အသုံးပြုနေကြတဲ့ အင်တာနက် နည်းပညာ စွမ်းပကားတွေနဲ့ လုံခြုံရေးကွန်ရက်ကြီးကို တည်ဆောက်နိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags