ချဲလ်ဆီးအသင်းက နည်းပြလမ်းပတ်ကို ထုတ်ပယ်လိုက်ပြီဟု အတည်ပြုခဲ့ပြီး သောမတ်တူချယ်နှင့် အစားထိုးမည်

ချဲလ်ဆီးအသင်းက နည်းပြလမ်းပတ်ကို ထုတ်ပယ်လိုက်ပြီဟု အတည်ပြုခဲ့ပြီး သောမတ်တူချယ်နှင့် အစားထိုးမည်
Photo: EPA

ဇန်န၀ါရီ ၂၅

ချဲလ်ဆီးအသင်းသည် နည်းပြ ဖရန့်လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပြီး ၎င်း၏နေရာတွင် ဘိုရုရှား ‌ဒေါ့မွန်နှင့် ပီအက်စ်ဂျီ နည်းပြဟောင်း သောမတ်စ် တူချယ်ကို အစားထိုးခန့်အပ်သွားတော့မည် ဖြစ်သည်။

လမ်းပတ်သည် ၂၀၁၉ ခုနှစ် ဇူလိုင်လက ချဲလ်ဆီးအသင်း၏ မန်နေဂျာအဖြစ် ခန့်အပ်ခံခဲ့ရပြီး ပြီးခဲ့သည့် နွေရာသီက တီမို ၀ါနာနှင့် ကိုင် ဟာဗက်ဇ် အပါအ၀င် ကစားသမား ၀ယ်ယူအင်အားဖြည့်တင်းမှုများတွင် ‌ပေါင်သန်း ၂၀၀ ကျော်အထိ သုံးစွဲထားခဲ့သည်။

သို့သော် ချဲလ်ဆီးအသင်း၏ ရလဒ်များ ဆက်တိုက် ဆိုး၀ါးနေခဲ့ခြင်းနှင့်အတူ ချန်ပီယံလိဂ်၀င်ခွင့်အတွက်ပင် ရုန်းကန်ရမည့် အခြေအနေကို ရောက်ရှိခဲ့ပြီးနောက် လမ်းပတ်၏ ချဲလ်ဆီးနည်းပြဘ၀သည် အဆုံးသတ်ပိုင်းကို ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ချဲလ်ဆီးအသင်းသည် အောက်တိုဘာလအစောပိုင်းမှစ၍ ၁၄ ပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ နှစ်လကြာ ဖြတ်သန်းခဲ့မှုကြောင့် ဆုဖလား စိန်ခေါ်နိုင်သည် အထိ ပြောဆိုခံခဲ့ရသော်ြငား ယင်းနောက်ပိုင်း အသင်းသည် ရလဒ်များသည် အထင်အရှားပင် ကျဆင်းသွားခဲ့သည်။ ပြီးခဲ့သည့် အင်္ဂါနေ့က လက်စတာအသင်းကို ၂-၀ နှင့် အရေးနိမ့်ခဲ့မှုက ချဲလ်ဆီးအသင်းအနေဖြင့် ပရီးမီးယားလိဂ်၏ အသင်းကြီးများကို အနိုင်ယူနိုင်စွမ်း ကင်းမဲ့နေမှုအတွက် နောက်ထပ် အထောက်အထားတစ်ခု ဖြစ်နေခဲ့သည်။

ချဲလ်ဆီးအသင်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က အက်ဖ်ဖေဖလား စတုတ္ထအဆင့်တွင် လူတန်တောင်းအသင်းကို ၃-၁ ဂိုးနှင့်အနိုင်ရခဲ့သော်လည်း ချန်ပီယံလိဂ်၀င်ခွင့်ရရေးက အဓိက ဦးစားပေးတစ်ခု ဖြစ်နေခြင်းနှင့်အတူ ထိုရလဒ်က နည်းပြလမ်းပတ်၏ အလုပ်ကို ကယ်တင်နိုင်ရန်လုံလောက်ခြင်း မရှိခဲ့ပေ။

ချဲလ်ဆီးအသင်းသည် ယခုအခါ ပရီးမီးယားလိဂ်တွင် အဆင့်လေးနေရာရှိ လီဗာပူးအသင်း၏ နောက် ငါးမှတ်အကွာ အဆင့် ကိုးနေရာတွင် ရပ်တည်နေသည်။

ချဲလ်ဆီးအသင်း၏ ထုတ်ပြန်ချက်တွင် ယခုဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်ခဲ့ရခြင်း ဖြစ်ကြောင်းနှင့် လမ်းပတ် လုပ်ဆောင်ခဲ့သမျှတိုင်းအတွက် ကျေးဇူးတင်ကြောင်း ထုတ်ပြန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly