ဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမား ၄၀၀ ကျော် ရနောင်းထောင်တွင် ဆန္ဒပြ

ဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမား ၄၀၀ ကျော် ရနောင်းထောင်တွင် ဆန္ဒပြ

ဇန်နဝါရီ ၂၅

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ရှိ လူဝင်မှုကြီးကြပ် ရေး ထောင်တွင် အကြောင်း အမျိုးမျိုးဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၄၀၂ ဦးသည် ဇန်နဝါရီ ၂၅ ရက်နေ့ နံနက်ပိုင်းက   ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

မြန်မာ အလုပ်သမားများ အနေဖြင့် နေရပ်ပြန်ပို့ရန် အဓိက တောင်းဆို ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ တောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့မှ အလုပ်သမားအရေး တာဝန်ခံ ဦးမင်းဦးက မဇ္ဈိမကို ပြောသည်။

“ ဟိုဘက် ( မြန်မာ )က ကွာရန်တင်း အခက်အခဲတွေကြောင့် မပို့ဖြစ်တာနဲ့ ပြသနာက ကြာ လာတဲ့ အခါကျတော့ မခံနိုင်တော့လို့ အဲလိုမျိုး ထပြီးတော့ ဆန္ဒပြမှု ဖြစ်သွားတယ်”ဟု ၎င်းက ဆိုသည်။

အလုပ်သမားအများစုသည် ရနောင်း လဝက အချုပ်တွင် နေထိုင်နေရသည်မှာ အနည်းဆုံး  ခြောက်လ ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ထိုင်းဥပဒေအရ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံရပါက ၄၅ ရက်ကြာ အချုပ်ကျပြီး နောက် မြန်မာနိုင်ငံသို့ ပြန်ပို့လေ့ရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ သံအရာရှိထံ အကြောင်းကြားထားပြီး အသေးစိတ် အချက် အလက်များအား လတ်တလော မသိရှိရသေးကြောင်း ဦးမင်းဦးက ပြောသည်။  

ထိုင်းသတင်းများ ဖော်ပြချက်အရ မြန်မာ အလုပ်သမားများက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုဆန္ဒပြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တွေ့ခွင့်မရပါက အစာငတ်ခံ ဆန္ဒပြ တောင်းဆိုသွားမည်ဟု မြန်မာအလုပ်သမားက ပြောဆိုပြီး “ ငါတို့ အားလုံး အိမ်ပြန်ချင်တယ်” ဟု ထိုင်းဘာသာဖြင့် အော်ပြော၍ ဆန္ဒပြခဲ့ကြကြောင်း ထိုင်းသတင်းများက ဆိုသည်။

ထိုင်းနိုင်တွင် မြန်မာ၊ ကမ္ဘောဒီယားနှင့် လာအို ရွှေ့ ပြောင်းအလုပ်သမား စုစုပေါင်း လေးသန်းခန့်ရှိသည့် အနက်  မြန်မာ နိုင်ငံသား ရွှေ့ပြောင်းလုပ်သား သုံးသန်းခန့် ရှိကြောင်း ရွှေ့ပြောင်း အလုပ်သမား အရေးဆောင်ရွက်သူများ ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly