ဘင်္ဂလားဒေ့ရှ်က မြန်မာထံမှ ဆန်တန်ချိန် ၁ သိန်း ဝယ်ယူမည် 

ဘင်္ဂလားဒေ့ရှ်က မြန်မာထံမှ ဆန်တန်ချိန် ၁ သိန်း ဝယ်ယူမည် 

ဇန်နဝါရီ ၂၅၊ ၂၀၂၁ 

မွတ်စလင် ဒုက္ခသည်များ နေရပ်ပြန်ရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံကြား အကျပ်အတည်းများ ရှိနေသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံထံမှ ဆန်တန်ချိန် ၁၀၀,၀၀၀ ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။ 

ဘင်္ဂလားဒေ့ရှ်တွင် ယမန်နှစ်က ရေကြီးမှုများကြောင့် ဆန်စပါးထွက်နှုန်း ကျဆင်းကာ ယခု ဆန်ဈေးနှုန်း မြင့်တက်နေသည့်အတွက် နိုင်ငံလူဦးရေ သန်း ၁၆၀ ကျော်အတွက် စားနပ်ရိက္ခာ ဖူလုံရေး ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာနိုင်ငံထံမှ ဆန်ဝယ်ယူရခြင်း ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။ 

မြန်မာနှင့် အစိုးရချင်း ညှိနှိုင်းမှုအရ အာမခံကြေး၊ ပို့ဆောင်ခ အပါအဝင် ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၈၅ ဒေါ်လာဖြင့် ဘင်္ဂလားဒေ့ရှ်က တင်သွင်းမည်ဖြစ်ကြောင်း စားနပ်ရိက္ခာဆိုင်ရာ ဒုတိယဝန်ကြီး မိုဆမ်မတ် နက်ဇ်မာနာရာ ခါနမ်က Reuters သို့ ပြောသည်။ 

ဘင်္ဂလားဒေ့ရှ်၏ အဓိက ဦးစားပေး အစီအစဉ်မှာ ဆန်ဈေး ကျဆင်းရန်ဖြစ်ကြောင်း၊ အစိုးရက ဆန်တန်ချိန် ၁၀ သန်းအထိ ဝယ်ယူမည်ဖြစ်သကဲ့သို့ ပုဂ္ဂလိက ကုန်သည်များကိုလည်း နောက်ထပ် ဆန်တန်ချိန် ၁၀ သန်းကို လာမည့် ဇွန်လအထိ ဝယ်ယူခွင့်ပြုထားကြောင်း ဒု ဝန်ကြီး ခါနမ်က ပြောသည်။ 

မြန်မာနိုင်ငံမှ ဆန်ဝယ်ယူရေး အစီအစဉ်ကို မကြာမီ သဘောတူ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း၊ ဆန်များ လာမည့် ဧပြီလတွင် ရောက်ရှိမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။     

ဘင်္ဂလားဒေ့ရှ်သည် ပုံမှန်အားဖြင့် ကမ္ဘာတွင် တတိယမြောက် အကြီးဆုံး ဆန်ထွက်ရှိသည့် နိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် ဆန်တန်ချိန် ၃၅ သန်းခန့် ထွက်ရှိသည်။ သို့သော် ထွက်ရှိသမျှဆန်သည် နိုင်ငံတွင်း စားသုံးမှုအတွက်သာ လုံလောက်ပြီး ရေကြီးမှု၊ မိုးခေါင်မှုများကြောင့် ဆန်ထွက်နှုန်း ကျဆင်းလျှင် ပြည်ပမှ ဆန်တင်သွင်းရလေ့ရှိကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly