ရှမ်းမြောက်တိုက်ပွဲအရေး SSPP နှင့် အစိုးရဆွေးနွေးမှု ပြေလည်မှုမရသေး

ရှမ်းမြောက်တိုက်ပွဲအရေး SSPP နှင့် အစိုးရဆွေးနွေးမှု ပြေလည်မှုမရသေး
ဓာတ်ပုံ-မင်းမင်း
 

ချင်းမိုင်၊ နိုဝင်ဘာ ၂၃ ။ ။ ရှမ်းမြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေမှုအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWCP)တို့ နေပြည်တော်တွင် နိုဝင်ဘာလ ၂၃ ရက်က ဆွေးနွေးမှု ပြေလည်မှု မရသေးဟု SSPP/SSA ၏ အဖွဲ့ခေါင်းဆောင် ဒုဗိုလ်မှူးကြီး စိုင်းခမ်းသီက မဇ္ဈိမ ပြောသည်။

 

UPWCP မှ ဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော် ပါဝင်သော ကိုယ်စားလှယ်များနှင့် SSPP/SSA မှ အထွေထွေ အတွင်းရေးမှူး (၂) ဒုဗိုလ်မှူးကြီး စိုင်းခမ်းသီ ဦးဆောင်၍ ၅ ဦးပါဝင်သော ကိုယ်စားလှယ်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

 

“အခုလက်ရှိ ကျနော်တို့ နေရာယူထားတဲ့တပ်တွေ ဆုတ်ခွာပေးဖို့၊ ကားလမ်းတခြမ်းကို အားလုံးရွှေ့ပေးဖို့ အားလုံးရွှေ့ခိုင်းတယ်။ အောက်ခြေတပ်ကလည်း လက်မခံသေးဘူးလေ။ အတည်ပြုချက်မရသေးဘူး၊ တပ်နေရာချထားရေး ပြန်ညှိနှိုင်းရမယ်”ဟု ဒုဗိုလ်မှူးကြီး စိုင်းခမ်းသီက ပြောသည်။

 

နိုဝင်ဘာ ၂၃ရက်တွင် တပ်နေရာချထားရေးနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

 

အစိုးရနှင့် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် အပစ်အခတ် လက်မှတ်ရေးထိုးရာတွင် အဆိုပါ မိုင်းရှူးနှင့် မိုင်းနောင်များရှိ တပ်များ ဆုတ်ခွာပေးရန် ပါဝင်ခြင်း မရှိသလို၊ ဘိုးစဉ်ဘောင်ဆက်ကတည်းက အခြေချနေထိုင်လာသဖြင့် ဆုတ်ခွာပေးမည် မဟုတ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်က SSPP/SSA မှ ဗဟိုကော်မတီဝင် စိုင်းနော်ခမ်းက မဇ္ဈိမကို ပြောဆိုခဲ့သည်။

 

နိုဝင်ဘာလ ၂၀ ရက်က တိုက်ပွဲများ ရပ်တန့်ရန်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် အကြိုညှိနှိုင်းဆွေးနွေးခဲ့သည်။

 

၂၀၁၂ ခုနှစ်က အစိုးရ နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ခြင်း မရှိသဖြင့် လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags