ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ပူစရာမလိုဟု NLD ပြော

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ပူစရာမလိုဟု NLD ပြော

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ၂၀၁၆ခုနှစ်တွင် ပေါ်ပေါက်လာမည့် လွှတ်တော် အသစ်တွင် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် ပူပန်စရာလိုမည် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ် အမှုဆောင် ဦးကျော်ခင်က နိုဝင်ဘာ ၂၃ရက်တွင် မဇ္ဈိမကို ပြောသည်။

"လွှတ်တော်ရဲ့အရိပ်ဟာ NLDရဲ့ အများဆုံးအရိပ်ပဲ၊ NLD  အများစု ရပေမယ့် တပ်ကလွှမ်းမိုးထားလို့ လုပ်လို့ မရဘူးဆိုတာ ဒီမိုကရေစီမှာ မရှိဘူးလေ။ NLD ကအများစုဖြစ်လို့ မဲခွဲ ဆုံးဖြတ်ရင် ကျွန်တော်တို့ နိုင်မှာပေါ့။ အဲဒါဆိုရင် ကျွန်တော်တို့ သမ္မတ ကိစ္စလည်း တွေးပူစရာမရှိပါဘူး" ဟု ဟု ဆိုသည်။

နိုဝင်ဘာ ၈ရက်နေ့တွင်ကျင်းပသည့် ၂၀၁၅အထွေထွေရွေးကောက်ပွဲ၏ လွှတ်တော်နေရာများ အားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်ကို NLD ကအနိုင်ရထားသည်။

ဦးကျော်ခင်ကပင် " ပြည်ခိုင်ဖြိုးပုံရိပ်က အားနည်းသွားပြီး ဒါဆိုရင်တပ်က ဘယ်ပုံရိပ်ကို အားကိုးမှာလဲ၊ တပ်ကပုံရိပ်တစ်ခုကို အားကိုးဖို့လို့လား ဆိုတာစဉ်းစားဖို့ လိုတယ်။ မရှိတော့တဲ့ ပုံရိပ်ကို သူတို့အားကိုးဖို့လိုလဲ ဒါကိုလည်း သူတို့ မစဉ်းစားတော့ဘူးလား။ ဒီလိုစဉ်းစား တာပါ။ ဒါကြောင့် အကောင်းကော၊ အဆိုးကော၊ ဖြစ်နိုင်ခြေကို စဉ်းစားထားတာ။" ဟုဆိုသည်။

လွှတ်တေ်ာအတွင်း ၂၅ ရာခိုင်နှုန်းသော် တပ်မတော်သားများ၏ အတွေးများက ယခင် ဆွဲကိုင် လာသည့် အနေအထားမှ ပြောင်းလဲနိုင်မှုရှိသည်ဟု NLD  က ယူဆထားသည်ဟုလည်း ပြောသည်။

"ကာချုပ်က ပြည်သူလူထုရဲ့ ဆန္ဒကို မျက်ကွယ်ပြုတော့မှာလား ဆိုတာကို ကျွန်တော်တို့ စဉ်းစားတယ်။ တပ်ပဲနေမှာလား ပြည်သူရှိနေတယ် ဆိုတာကိုလည်း သူတို့ရိပ်မိပါတယ်။" ဟု ဦးကျော်ခင်ကဆိုသည်။

လက်ရှိတွင် NLD အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုသာ သမ္မတအဖြစ်တာဝန်ယူရန် လိုလားသဖြင့် ပုဒ်မ ၅၉(စ)ကိုပြင်ဆင်ရန် နည်းလမ်းတစ်ခုကို ရှာဖွေကာ ဆောင်ရွက်ရမည်ဟုလည်း ဦးတင်ဦးက ဘန်ကောက်ပို့စ် သတင်းစာကို ဖြေကြားထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ ရွေးကောက်ပွဲအနိုင်ရရှိသည့်ပါတီကို ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၆၀အတွင်း လွှတ်တော် ခေါ်ယူကျင်းပရမည်ဖြစ်သည်။

ယင်းလွှတ်တော်အသစ် စတင်သည် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း NLD ဗဟို အလုပ်အမှူဆောင် အဖွဲ့အစည်းအဝေး၏ ဆုံးဖြတ်ချက်ဖြင့် ပြင်ဆင်ဆောင်ရွက်သွားမည်ဟုလည်း ဗဟို အလုပ်အမှုဆောင်များမှ သိရသည်။

"ကျွန်တော်တို့ လွှတ်တော်ခေါ်ရင်လည်း ပါတီ CEC အစည်းအဝေးဆုံးဖြတ်ချက်နဲ့ပဲ ဘာတွေ လုပ်မယ်ဆိုပြီး ဆုံးဖြတ်ကြမှာပါ။ အခုချိန်ထိတော့ လွှတ်တော် ခေါ်နိုင်တာနဲ့ ဘာတွေ စလုပ်မယ်ဆိုတာကိုတော့ အစည်းအဝေး လုပ်ပြောတာ မရှိသေးပါဘူး။" ဟု ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးညီပုက မဇ္ဈိမကိုပြောသည်။

NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ပုံမှန် ၂ပတ်တစ်ကြိမ် ပြုလုပ်ပြီး၊ ယခုလအတွက် ကျင်းပမည့် ရက်ကိုမူ မသိရှိရသေးသော်လည်း မကြာမီ ပြုလုပ်နိုင်သည်ဟု ဦးထွန်းထွန်းဟိန်က ဆိုသည်။

ပုဒ်မ ၅၉(စ)ကိုပြင်ဆင်ရန် လွှတ်တော်အတွင်း ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းနှင့် အထက် ထောက်ခံမှုရရှိပြီး ပြည်သူ့ဆန္ဒ ခံယူပွဲများကျင်းပကာ မဲပေးခွင့်ရှိသူထက်ဝက်၏ ထောက်ခံမှု ရရှိမှသာပြင်ဆင်ရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆(က)တွင် ပြဌာန်းထားသည်။

ပုဒ်မ ၅၉(စ)တွင် သမ္မတက မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါး၊ ဇနီးခင်ပွန်း၊ သို့မဟုတ် သားသမီးတစ်ဦးဦးသော်လည်း သားသမီး တစ်ဦးဦး၏ ဇနီး ခင်ပွန်း သော်လည်း ကောင်း၊ နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာခံယူသူ၊ နိုင်ငံခြားသားဖြစ်သူ၊ နိုင်ငံခြားသား၏ လက်အောက်ခံဖြစ်သူ၊ တိုင်းတစ်ပါး နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်ကို ခံစားနေရသူမဖြစ်စေရဟု ပြဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags