လက်ရွေးစင်ဂိုးသမားဟောင်း သီဟစည်သူအား ကမ္ဘောဇအသင်း နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူ

လက်ရွေးစင်ဂိုးသမားဟောင်း သီဟစည်သူအား ကမ္ဘောဇအသင်း နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူ
ကမ္ဘောဇနည်းပြ ဦးစိုးမြတ်မင်း နှင့် သီဟစည်သူအား လေ့ကျင့်ရေးကွင်း၌ တွေ့ရစဉ် (ဓာတ်ပုံ-KBZ)

နိုဝင်ဘာ ၂၃၊ ရန်ကုန်။              ။ ကမ္ဘောဇကလပ်အသင်းသည် လာမည့် ၂၀၁၆ ဘောလုံးရာသီအကြို ပထမဦးဆုံး ခေါ်ယူအားဖြည့်မှုအနေဖြင့် ရတနာပုံအသင်းမှ မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း သီဟစည်သူအား နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူအားဖြည့်လိုက်သည် ဟု ကမ္ဘောဇအသင်းဖေ့ဘုတ်တွင် သတင်းထုတ်ပြန်လိုက်သည်။

လက်ရွေးစင်ဟောင်း သီဟစည်သူသည် ၂၀၁၃ ခုနှစ်တွင် ဧရာဝတီအသင်းမှ ရတနာပုံသို့ ပြောင်းရွေ့ခဲ့လာခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၅ ဘောလုံးရာသီတွင် ရတနာပုံအသင်းနည်းပြအဖွဲ့နှင့် အဆင်မပြေဖြစ်ကာ အသင်းမှ ထွက်ခွာခွင့်ပြုထားသည့် ကစားသမားတစ်ဦး ဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ဂိုးသမား သီဟစည်သူသည် မြန်မာ့လက်ရွေးစင်အသင်းတွင် ၂၀၀၉ ခုနှစ်မှ စတင်ကာ ရွေးချယ်ခံခဲ့ရပြီး လက်ရွေးစင် ပွဲပေါင်း ၂၃ ပွဲအထိ ပါဝင်ကစားခဲ့သော်လည်း လက်ရှိနည်းပြ ဂတ်ဇီဆီလက်ထက်တွင်မူ ရွေးချယ်ခံခဲ့ရခြင်း မရှိခဲ့ပေ။

" အသင်းကနေထွက်ခွာခွင့် ပြုခဲ့တဲ့ ကစားသမားတွေ နေရာမှာ အစားထိုးဖို့အတွက်ခေါ်ယူလိုက်တာပါ။ သီဟလို ကစားသမားမျိုးကို ရခဲ့တာ အသင်းအတွက် အရမ်းကောင်းပါတယ်။ ပွဲထွက်ခွင့်ကတော့ ရှိနေတဲ့ ဂိုးသမား ၃ ယောက်စလုံးမှာ မျှော်လင့်ခွင့် ရှိပါတယ်။

ထရိန်နင်မှာ အကောင်းဆုံးကြိုးစားတဲ့သူက နေရာရမှာပဲ။ ဒီအသင်းရဲ့ အကောင်းဆုံး ကစားသမားတွေသာ ပွဲထွက်ခွင့်ရမှာပါ။ အဲဒိအချက်ကို သံသယ မရှိပါနဲ့ " ဟု ကမ္ဘောဇအသင်းနည်းပြ ဦးစိုးမြတ်မင်းက သီဟစည်သူအား ခေါ်ယူနိုင်မှုနှင့် ပတ်သက်၍ ပြောသည်။

ကမ္ဘောဇအသင်းသည် လာမည့် ၂၀၁၆ ဘောလုံးရာသီတွင် ပြောင်းလဲမှု အမြောက်အမြားပြုလုပ်ထားပြီး ရှမ်းယူနိုက်တက်အသင်းအဖြစ် အမည် ပြောင်းလဲကာ အများပိုင်အသင်းဖွဲ့စည်းရန်လည်း စီစဉ်မှုများ ပြုလုပ်ထားလျက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly