ကယားလွှတ်တော် လွှတ်တော်ဥက္ကဌ၊ဒုတိယလွှတ်တော်ဥက္ကဋ္ဌများ ရွေးချယ်ရေး အကြိတ်အနယ်ဖြစ်ဖွယ်ရှိ

ကယားလွှတ်တော် လွှတ်တော်ဥက္ကဌ၊ဒုတိယလွှတ်တော်ဥက္ကဋ္ဌများ ရွေးချယ်ရေး အကြိတ်အနယ်ဖြစ်ဖွယ်ရှိ

ဇန်နဝါရီ ၂၃ ၊ ၂၀၂၁

တတိယအကြိမ်ကယားပြည်နယ်လွှတ်တော်တွင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ကိုယ်စား လှယ် နေရာ ကိုးနေရာပဲရရှိသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌ၊ဒုတိယလွှတ်တော်ဥက္ကဋ္ဌများ ရွေးချယ်မှုကတော့ အကြိတ် အနယ်လွန်ဆွဲဖို့ရှိနေသည်။

  ပြည်နယ်လွှတ်တော်တွင် စုစုပေါင်း နေရာ ၂၀ ရှိသည်။ ထိုအထဲတွင် ရွေးကောက်ခံကိုယ်စားလှယ်များက ၁၅ နေရာရှိပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က ငါးနေရာရှိသည်။ ရွေးကောက်ခံကိုယ်စားလှယ်များ အနက် ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ် တစ်နေရာပါဝင်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD က ဗမာတိုင်းရင်းသား လူမျိုးကိုယ်စားလှယ် တစ်နေရာနှင့် စုစုပေါင်း ကိုး နေရာ သာ အနိုင်ရရှိထားသည်။

လွှတ်တော်ဥက္ကဌ၊ ဒုတိယလွှတ်တော်ဥက္ကဌများရွေးချယ်တင်မြှောက်ရန်အတွက် လွှတ်တော်တွင်းမဲခွဲရာတွင် အနည်းဆုံး ၁၁ မဲရရန်လိုအပ်သည်။ သို့ဖြစ်ရာ NLD အနေဖြင့် လိုအပ်သော မဲ နှစ်မဲကို ဘယ်ပါတီတွေ ဆီကနေ ရနိုင်မှာလဲဆိုတာက မေးခွန်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ( USDP ) နှင့် KySDP ပါတီတို့သည် သုံး နေရာစီ အနိုင်ရရှိထားသည်။

NLD ကလိုအပ်နေသော မဲနှစ်မဲအတွက် အဓိက အတိုက်အခံဖြစ်သော ပြည်ခိုင်ဖြိုးနှင့် ပေါင်းမှာလား၊ KySDP နှင့် ပေါင်းမှာလား၊ ဒါမှမဟုတ် တပ်မတော်သားကိုယ်စားလှယ်တွေနှင့် မဟာမိတ်ဖွဲ့မှာလည်းဆိုတာ စိတ်ဝင်စားဖွယ ်ရာဖြစ်နေသည်။

KySDP ပါတီက NLD ကိုထောက်ခံဖွယ် အဖြစ်နိုင်ဆုံးရှိနေသော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက NLD ပါတီမှ တွေ့ဆုံ ဆွေးနွေးရေးခေါင်းဆောင်များနှင့် KySDP ပါတီမှ ကိုယ်စားလှယ်များကြား တွေ့ဆုံဆွေးနွေးရန်စီစဉ်ထား မှုသည် နေရာအခက်အခဲကြောင့် အစီအစဉ်ပျက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသည် အနာဂတ်ပြည်ထောင်စုအရေး အနိုင်ရတိုင်းရင်းသားပါတီကိုယ် စားလှယ်များနှင့်တွေ့ဆုံ ဆွေး နွေး ရန်ဖြစ်သော်လည်း လက်တွေ့ နိုင်ငံရေးထုံးစံအတိုင်း နေရာအပေးအယူကလည်း စကားပြောလာသည်။ KySDP ပါတီက အနိုင်ရထားမှုနည်းပေမယ့် နိုင်ငံရေးအရ အဓိကကျသည်။

KySDP ပါတီအနေဖြင့် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌနေရာများ လိုလားနေကြောင်း အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က မဇ္ဈိမ သတင်းဌာနသို့ ပြီးခဲ့သည့် ရက်ပိုင်းက ပြောထားသည်။

တချိန်တည်းမှာပဲ ဇန်နဝါရီ ၁၉ရက်နေ့က လွိုင်ကော်မြို့၊ အမှတ်(၁၇ဝ) နာနတ်တော ရပ်ကွက်တွင် ပြုလုပ်ကျင်း ပသော  ကယားပြည် နယ် ဒီမိုကရက်တစ်ပါတီပြည်နယ် ဗဟိုရုံးချုပ် အသစ် ဖွင့်ပွဲအခမ်းအနားကို ကယားပြည် နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ တက်ရောက်ပြီး အမှတ်တရလက်ဆောင် ပန်းချီကားပေး အပ် သည်ကို KySDP ပါတီ လက်ခံရရှိခဲ့သည့် ဆက်ဆံရေးမျိုးရှိနေသည်။

ကယားပြည်နယ် လူ့အခွင့်အရေး အဖွဲ့မှ ဒါရိုက်တာ ဦးဗညားက “ NLD က သူ့လူကို တင်ကောင်း တင် နိုင်တယ။် KySDP ကို စဉ်းစားတဲ့အထဲ မပါဘူး။ ကြံ့ခိုင်ရေးနဲ့ တပ်ကလည်း သူတို့က သူ့လူကို သူတင်။... သူတို့ ကြိုက်တဲ့ သူဘယ်သူပဲ ဖြစ်ဖြစ်ပေါ့။သူတို့က မဲပေးလိမ့်မယ်။ ဒါပေမယ့် ဘယ်သူပဲ ဖြစ်ဖြစ် ဆိုတဲ့နေရာမှာ NLD ကိုတော့ သူမဲပေး မှာ မဟုတ်ဘူး”ဟု ပြောသည်။

" NLD က KySDP ကို အစကတည်းက ညှိနှိုင်းမှုလမ်းကြောင်းက အခုအချိန်အထိ ပြန်မဖွင့်နိုင်ဘူး ။ အခုအချိန် အထိ စဉ်းစားချက်ပေါ့နော်။တစ်ရက်တည်းနဲ့ မပြီးနိုင်ဘဲ အချိန်ကြန့်ကြာနိုင်တယ်” ဟု ဆက်ပြောသည်။

တတိယအကြိမ်ကယားပြည်နယ်လွှတ်တော်၊ပထမပုံမှန်အစည်းအဝေးကို လာမည့်ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယင်းလွှတ်တော်အစည်းအဝေးတွင် ဗမာတိုင်းရင်းသားကိုယ်စားလှယ်နှင့် တပ်မ တော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များလည်း တက်ရောက်ရမှာဖြစ်သည်။

အဆိုပါ ကယားပြည်နယ်လွှတ်တော် တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးတွင် ဥပဒေအရ သဘာပတိအဖြစ် ရွေးချယ်ခြင်း၊ ကျမ်းသစ္စာပြုခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌတို့ကို ရွေးကောက် တင်မြှောက်သွားမည် ဖြစ်သည်။

လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများကို ရွေးချယ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တိုင်းနှင့် ပြည် နယ် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးချယ်ပေးရ သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီမှ ကယားပြည်နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင် စည်သူက “ ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိ ရင်တော့ မျှမျှတတနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ တိုင်းရင်း သား ကို အလေးပေးတယ်ဆိုလို့ရှိရင် သူတို့ ပူးပေါင်းဆောင်ရွက် ရမှာပေါ့”ဟု မဇ္ဈိမသို့ ပြောသည်။
 
“ ကယားကလည်း လူထုကြောင့်နိုင်တယ်။အန်အယ်လ်ဒီကလည်း လူထုကြောင့် နိုင်တယ်ဆိုလို့ရှိရင် မာနပြိုင်နေ ရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး”ဟု သူက ဆက်ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required