ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ကစားသမားတွေကို လက်ရွေးစင်အသင်းပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့် တားမြစ်မယ်လို့ ဖီဖာပြော

ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ကစားသမားတွေကို လက်ရွေးစင်အသင်းပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့် တားမြစ်မယ်လို့ ဖီဖာပြော
Photo: EPA

ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ကစားသမားတွေဟာ နိုင်ငံလက်ရွေးစင်အသင်းပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ကစားခွင့် တားမြစ်လိမ့်မယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (Fifa) က ပြောပါတယ်။ 

ယူအီးအက်ဖ်အေအပါအဝင် ဖီဖာနဲ့ ဒေသဆိုင်ရာ ဘောလုံးဖွဲ့ချုပ် ၆ ခုတို့က အခုလိုမျိုး ဥရောပစူပါလိဂ်ပြိုင်ပွဲကို "အသိအမှတ်မပြု၊ လက်မခံ"ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဥရောပထိပ်သီးကလပ်အသင်းတွေဟာ ဝင်ငွေပိုမိုရရှိဖို့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကို ခြိမ်းခြောက်လာနိုင်ဖွယ်ရှိတဲ့ ဥရောပစူပါလိဂ်ပြိုင်ပွဲကို ဖန်တီးကျင်းပရန် ဆွေးနွေးခဲ့ကြပြီး မတည်ငွေ ပေါင် ၃ ဘီလီယံနဲ့ ကျင်းပဖို့ စီစဉ်ထားပြီး ဝင်ရောက်ယှဉ်တဲ့ အသင်းတွေအနဲ့ တစ်သင်းကို ပေါင်သန်း ၃၁၀ စီ ရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌဟောင်း ဘာတိုမူက သူဟာ စူပါလိဂ်နှင့် ပူးပေါင်းဖို့ ကလပ်အသင်းအတွက် အဆိုပြုချက်တွေကို လက်ခံခဲ့တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ 

ဖီဖာက ကြေညာချက်မှာ ပြောတာကတော့ "ဥရောပ 'စူပါလိဂ်'ပြိုင်ပွဲဖန်းတီးမှုရဲ့ နောက်ကွယ်မှာ ဖီဖာလည်း ရှိနေနိုင်တယ်လို့ မကြာသေးခင်က မီဒီယာအချို့မှာ ရေးသားဖော်ပြခဲ့ပြီး ဖီဖာနဲ့ ဘောလုံးအဖွဲ့ချုပ် ၆ ဖွဲ့ (AFC, CAF, Concacaf, Conmebol, OFC နဲ့ Uefa)က ထပ်မံပြီး ပြင်းပြင်းထန်းထန်နဲ့ အလေးပေးပြောလိုတာက အခုလိုပြိုင်ပွဲကို ဖီဖာ ဒါမှမဟုတ် သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေက အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ 

"အခုလိုပြိုင်ပွဲမှာ ပါဝင်နေတဲ့ ဘယ်ကလပ်အသင်း ဒါမှမဟုတ် ဘယ်ကစားသမားမဆို ဖီဖာ ဒါမှမဟုတ် သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေမှ စီစဉ်တဲ့ ဘယ်ပြိုင်ပွဲမှာမဆို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမှာ မဟုတ်ပါဘူး။" 

ဖီဖာက ၎င်းရဲ့ ကလပ်ကမ္ဘာ့ဖလားနဲ့ ဘောလုံးအဖွဲ့ချုပ်တွေရဲ့ သက်ဆိုင်ရာပြိုင်ပွဲတွေ နှစ်ခုလုံးဟာ လက်ရှိနဲ့ အနာဂတ်ရဲ့ တရားဝင်ပြိုင်ပွဲတွေဖြစ်တယ်လို့လည်း ရှင်းလင်းခဲ့ပါတယ်။ 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ ၎င်းရဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒေသဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် ၆ ဖွဲ့မှ အသင်း ၂၄ သင်းပါဝင်ဖို့ တိုးချဲ့စီစဉ်နေပါတယ်။ လာမည့် ကာတာမှာ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားကို ၂၀၂၀ ပြည့်နှစ်က ရွှေ့ဆိုင်းခဲ့ပြီး အသင်း ၆ သင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly