ဆရာသောင်း၏ နေဝင်ချိန်

ဆရာသောင်း၏ နေဝင်ချိန်
ဓာတ်ပုံ- စိုးရာဇာထွန်း

န်နဝါရီလ ၂၁ ၊ ၂၀၂၁

ပျဉ်းမကုန်းရွာသို့ ဝင်လိုက်သည့်နှင့် တစ်အိမ်ကျော်တွင် တံခါးအမြဲပိတ်ထားသော နှစ်ထပ်ပျဉ်ကာသွပ်မိုးအိမ်တစ်ခုကို တွေ့ရမည် ဖြစ်သည်။ ထိုအိမ်ရှိရာ ခြံကြီးက တိတ်ဆိတ်ငြိမ်သက်နေသည်။ ထို့အိမ်မှာ ဥက္ကံတစ်နယ်လုံးတွင် မြင်းဖြင့်ဆေးလိုက်ကုသခဲ့သော နာမည်ကျော် ဆေးဆရာ ဆရာသောင်း၏အိမ်ပင်။

ဘေးအိမ်က အမျိုးတော်စပ်သူတစ်ဦးကို ခွင့်တောင်းပြီး အောက်ထပ်တံခါးမကြီးအား ဖွင့်ဝင်လိုက်သည်။ ထို့နောက် အပေါ်ထပ်တက်မည့် လှေကားမှတဆင့် အိမ်ပေါ်သို့ တက်လိုက်သည်။ ပြောင်ပြောင်ချောချော ကျွန်းကြမ်းခင်းပေါ်တွင် ဆံပင်ဖြူနေပြီဖြစ်သော အဖိုးအိုတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ့ဘေးတွင် ချိုင်းထောင့်နှစ်ခု ရှိနေသည်။ ထိုသူက ဆရာသောင်းဟု လူသိများသော အဘဦးသောင်းဟန်ပင် ဖြစ်သည်။

အသက် ၈၇ နှစ်ရှိပြီဖြစ်သော အဘဦးသောင်းဟန်မှာ ရန်ကုန်မြို့၊ ပုဇွန်တောင်ဇာတိဖြစ်သည်။ အဖေရှမ်း၊ အမေဗမာထံမှ မွေးဖွားလာသူ အဘသောင်းတွင် မွေးချင်း‌မောင်နှမ နှစ်ဦးသာ ရှိသည်။ သူတွင် အသက် ၉၀ ကျော် အမတစ်ဦး ရှိသေးသည်။ ထိုအမမှာ ပျဉ်းမကုန်းရွာတွင် နေထိုင်လျက်ရှိသည်။ အဘဦးသောင်းဟန်မှာ အသက် ၂၃ နှစ်အရွယ်တွင် တပ်မတော်သို့ဝင်ခဲ့ကာ ဆေးတပ်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ တပ်မတော်မှ ဆေးအရာခံဗိုလ်ဖြင့် အသက် ၄၀ ကျော်တွင် ထွက်ခဲ့သည်။ ထို့နောက် အမေဇာတိဖြစ်သော ဥက္ကံမြို့နယ်၊ ပျဉ်းမကုန်းကျေးရွာသို့ ရောက်လာကာ မြင်းဖြင့်ဆေးလိုက်ကုသတော့သည်။

ထိုအချိန်က သွားလာရခက်ခဲသောကြောင့် မြင်းစီး၍ ကုသခဲ့ရခြင်း ဖြစ်သည်။ ခေတ်အခြေအနေများအရ ဆိုင်ကယ်ကလည်း မတွင်ကျယ်သေး။ မြင်းက သူ့အတွက် သွားလာရလွယ်ကူပြီး ခရီးတွင်စေခဲ့သည်။ ၁၉၉၀ ဝန်းကျင်တစ်ဝိုက်က ဆရာသောင်းဟုဆိုလိုက်သည်နှင့် ဥက္ကံတစ်မြို့နယ်လုံးသာမက အနီးတဝိုက်ဒေသများဖြစ်သည့် ပဲခူး၊ ဧရာဝတီဒေသဘက်က ရွာအချို့ပင် သိကြသည်။ လာပင့်သူများအိမ်သို့ မြင်းစီး၍ နေ့ချင်းပြန်ကုသပေးသော ဆေးဆရာဦးသောင်းဟန်မှာ ယင်းကာလက သူရဲကောင်းတစ်ဦးပမာ ဖြစ်ခဲ့သည်။ သို့သော် လက်ရှိအချိန်မှာတော့ လမ်းမလျှောက်နိုင်တော့ပေ။ ဘယ်ဘက်ပေါင်ရင်းရှိ စတီးရိုးအား အကြောကိုက်သည့်အတွက်ကြောင့် ထုတ်လိုက်ရာက သူ့အားပိုဆိုးရွားသွားစေတော့သည်။

ဓာတ်ပုံ- စိုးရာဇာထွန်း

“ အဘမိုက်တာ။ အဘရဲ့ဆရာ ပါရကူဦးသိန်းဇော်က ဆရာသောင်းတဲ့ အရိုးမထုတ်နဲ့နော်တဲ့။ အဲ့ခြေထောက်တစ်ချောင်းအတွက်တော့ စိတ်သာချတဲ့။ အကြောတွေတက်တော့ မရရအောင် ထုတ်တာ။  ” ဟု စတီးရိုးထုတ်မိခဲ့ပုံအား ရှင်းပြသည်။

လွန်ခဲ့သော ခုနှစ်လခန့်က ဘယ်ဘက်ပေါင်ရင်းရှိ စတီးရိုးအား ထုတ်ပစ်လိုက်ရာ ထိုခွဲစိတ်မှုကြောင့် လက်ရှိလမ်းကောင်းကောင်း မလျှောက်နိုင်တော့ပေ။ ပေါင်ဒဏ်ယာကြောင့် ဆိုင်ကယ်ဖြင့်ပင် ဆေးလိုက်မကုသနိုင်တော့ပါ။ အိမ်တွင်သာ ကုသနေရခြင်း ဖြစ်သည်။ အရေးကြီးလူနာရှိ၍ ဆိုင်ကယ်ဖြင့်လာပင့်မှ လိုက်သွားတက်သည်။ များသောအားဖြင့် လာမပင့်ကြတော့ပဲ ဆရာသောင်းအိမ်သို့သာ လာကုသကြတော့သည်။ ဆေးလာကုသသူမှာလည်း မရှိသလောက် အလွန်နည်းသွားသည်။ ထိုဒဏ်ယာကြောင့် ကိုယ်တိုင်ထွက်မကုသနိုင်တော့သဖြင့် ဆေးကုသရမှု နည်းသွားရခြင်းလည်း ဖြစ်သည်။ ယခင် မြင်းစီး၍ဆေးကုသခဲ့ချိန်က ဆေးကုအပင့်များခဲ့သလောက် ယခုမကုသရချိန်မှတော့ အိမ်သို့လာကုသူပင် မရှိတော့။ နောက်တစ်ခုမှာ ခေတ်အခြေအနေများအရလည်း ဖြစ်သည်။

လက်ရှိ ဆေးလာကုသူ ပါးသွားသဖြင့် ဆေးဖို့ပင် ပြန်မရှာနိုင်တော့။ သို့သော် အဘသောင်း လုံးဝမငြီးငြူရှာ။ “ ဆေးဖို့ မပေးနိုင်တော့လည်း ဘာဖြစ်လဲ။ ပေးချင်ပေး မပေးချင်နေ။ ကုသိုလ်ရတာပေါ့ ” ဟု ဆိုသည်။ ဆေးလာကုသူ ရှိသည်တိုင် စေတနာကောင်းလွန်းလှသော အဘသောင်းအား ဆေးဖိုးပင် ပြန်မကန်တောကြတော့။ သူကလည်း ပေးရင်တောင် မယူတက်သည့် ဆေးဆရာမို့လား မသိ။ အိုးစာ၊ မင်းစာ ကုသခပင် မရရှာ။ သို့သော် အဘသောင်းအတွက် ကိစ္စမရှိ။ ယခင် ရှာဖွေထားသော အိမ်နှင့် ခြံ ရှိနေသည့်အပြင် အစစအရာရာ ထောက်ပံ့ပေးနိုင်သော သမီးလိမ္မာလေးပင် ရှိနေသည်။ ထို့အတွက် ဘာမှ အခက်အခဲ မရှိ။ သူလိုချင်သောဆေးအကုန်လုံးအား သမီးဖြစ်သူ အသက် ၄၀ ကျော်အရွယ် အိမ်ထောင်ရှင်က အမြဲဝယ်ပေးနေသည် မဟုတ်လား။ “ လိုတဲ့ဆေး သမီးကိုပြော။ သူတစ်ခါတည်း ဝယ်ပေးတယ် ” ဟု အဘသောင်းက ပြောသည်။

သမီးမှာ လိုလေသေးမရှိအောင် တစ်ဦးတည်းရှိသော အဖေကို အဝေးမှနေကာ စောက်ရှောက်ပေးလျက်ရှိသည်။ “ ဘာမှ လိုလေသေးမရှိဘူး။ အချိုရည်ပုလင်းဆိုလည်း မျိုးစုံ။ အကုန်လုံး လုပ်ပေးတာ ” ဟု ပြောသည်။ မြောင်းတကာမှာနေသောသမီးက စားသောက်စာရာများ လိုအပ်လျှင် ဥက္ကံရှိသူ့ဖခင်ထံ ရောက်လာတက်သည်။ ထို့အခါ အိမ်မှုကိစ္စအဝဝအား လုပ်ပေးတက်သည်။ ထိုသမီးပြန်ချိန်မှာတော့ ပေ ၈၀×၁၆၀ ခြံထဲရှိ နှစ်ထပ်ပျဉ်ထောင်သွပ်မိုးအိမ်ပေါ်တွင် ဆရာသောင်းတစ်ဦးတည်း ကျန်ခဲ့တော့သည်။ သူကိုယ်တိုင် ထမင်းချက်စားသည်။ “ ကိုယ့်ဘာကိုယ် မချက်လို့ ဘယ်သူကလာ ချက်ပေးမလဲ။ ဆန်နို့ဆီဗူး တစ်ဗူးကို သုံးနပ်စားရတယ်။ ဟိုပေါင်းအိုးနဲ့ ချက်တာ။ ညစာပြီးပြီ အဲ့တာ ” ဟု ထမင်းပေါင်းအိုးကိုကြည့်ကာ လက်ညှိးထိုး၍ ပြောပြသည်။

ချိုးရေလိုလျှင် ဘေးအိမ်ရှိအမျိုးတော်စပ်သူက ရေတင်ပေးသည်။ လမ်းမလျှောက်နိုင်၍ အိမ်ပေါ်တွင်သာ ရေချိုးသည်။ တစ်ခါတရံ အိမ်အောက်ဆင်းကာ အိမ်ရှေ့တွင် ထိုင်တက်သည်။ သို့သော် စကားပြောမည့်သူ တစ်ဦးမှ မရှိ။ အဖော်မျှော်နေရှာသည်။ “ တစ်ယောက်ယောက် မပြောနဲ့။ ခြံထဲတောင် ဘယ်သူမှ လာတာမဟုတ်ဘူး။ သဆေ အောင့်မေ့နေတာ။ ငါးသယ်၊ ဖားသယ်တောင် ခေါ်လို့ မရဘူး။ အဲ့ဒီအိမ်ရှေ့ရောက်ရင် မအော်တော့ဘူး။ အဲ့လောက်ဘဝ ဆိုးသွားတာ။ နောင်တရခါမှ ရ ” ဟု ရယ်ရယ်ပြုံးပြုံးဖြင့် ဆိုသည်။ ယခင်က အဖော်ပေါများခဲ့သလောက် လက်ရှိချိန်မှာတော့ တစ်ဦးတစ်ယောက်မျှ စာကားပြောဖော် မရှိတော့ပေ။ ဆေးကုသသူများနှင့် အမြဲမပျက်စကားပြောခဲ့သူတစ်ယောက်က လက်ရှိချိန်တော့ အထီးကျန်ဆန်နေရပြီ ဖြစ်သည်။ မြင်းနှင့် တစ်ရွာဝင်၊ တစ်ရွာထွက် ဆေးကုသခဲ့ရချိန်များတွင် စေတနာပါပါဖြင့် ကုသပေးခဲ့သူတစ်ယောက်၏ နောက်ဆုံးဖြတ်သန်းချိန်များက သံဝေဂရစရာများဖြင့် ကြုံတွေ့နေရသည်။

ဓာတ်ပုံ- စိုးရာဇာထွန်း

အဘသောင်း ဆေးကုသခဲ့ချိန်တုန်းကဆို တစ်ရက်တရက် အပင့်အဖိတ် ကုသရသူများမှာ အတော်များခဲ့သည်။ “ အကုန်ချိန်းထားတာ။ ဘယ်နေ့ ဘာ။ တစ်အိမ်တက်၊ တစ်အိမ်ဆင်း မကုတော့ဘူးပေါ့။ လေးယောက်ဆို လေးယောက် ဘာပါလုပ်။ အရမ်းလိုလို့ရှိရင် သူတို့ကို သွားဝယ်ခိုင်းလိုက်တယ်။ ဂလူးကို့စ် ချိတ်လည်း တစ်ယောက်၊ နှစ်ယောက်ဆို တစ်အိမ်တည်းဆို ကောက်ချိတ်လိုက်တာ အကုန်လုံး။ လေဖြတ်တဲ့လူကြီးပဲ အကုန်လုံး ၇၀ ကျော်တယ်။ လက်တစ်ချောင်းမှ ကောက်မသွားဘူး။ အဖိုးကုခဲ့တာ ” ဟု ကုသခဲ့ချိန်က အခြေအနေအား ရှင်းပြသည်။

ဆေးကုသရာတွင်လည်း အခြားလိုက်ကုသပေးသူများနှင့် မတူပေ။ အပြိုင်လည်း မကုသပေ။ သူက တစ်မူထူးရှားစွာ ကုသနိုင်သူ မဟုတ်လား။ ဆေးကုသသူများအား ကုသ၍ ရလျှင်ရကြောင်း၊ မရလျှင် မရကြောင်း ပွင့်ပွင့်လင်းလင်း ရှင်းပြသည်။ “ တချို့က သေမယ်ပြောတယ်။ မသေဘူး။ ဆေးရုံသွားမယ်။ မသွားနဲ့။ တာဝန်ယူတယ်။ သေမယ့်လူလည်း ပြောလိုက်တယ်။ ကျနော် မတက်နိုင်ဘူးဗျာ ” ဟု ကုသခဲ့ပုံအား အဘသောင်းက ရှင်းပြသည်။

ထို့အချိန်က မြင်းစီး၍ လှိုင်မြစ်တလျှောက် ပင့်ထားသောလူနာအိမ်များသို့သွားကာ ကုသပေးခဲ့သည်။ ကုသပေးပြီးတာနှင့် နေ့ချင်းပြန်ခရီး ပြန်နှင်လာသည်။ တစ်ခါတရံ အိပ်တက်သည်။ ညကြီးမိုးချုပ် ဖြစ်နေသည့်တိုင် မြင်းစီး၍ ဓာတ်မီးတစ်လက်ဖြင့် ပြန်လာလေ့ရှိသည်။ “ ညတွင်းချင်း ပြန်လာတယ်။ မြင်းက မြင်ရတယ်။ ကိုက် ၁၀၀ လောက်တည်းက ရှေ့မှာလူဆိုတာ သိတယ်။ နှာမှုတ်တော့တာပဲ။ ဓာက်မီးပါတယ်။ ထိုးကြည့်လိုက်ရင် လူ။ သုံးထောင့်ထိုး အမြဲထိုးထားတယ်။ မြင်းလောက်လိမ္မာတာ မရှိဘူး။ သင်ထားတော့ အကုန်သိတယ် ” ထိုမျှလောက် ဆေးကုသရာတွင် သူ့နှင်အတူတူသွားခဲ့သည့် သူ့မြင်းအကြောင်းကို ပြုံးပြုံးလေးဖြင့် ပြောပြသည်။

ဓာတ်ပုံ- စိုးရာဇာထွန်း

၁၉၉၀ ဝန်းကျင်တစ်ဝိုက်က ဆရာသောင်းဆိုလျှင် ဤနယ်တစ်ကျောလုံး ကလေးလူကြီးမကျန် အကုန်သိကြသည်။ သူမြင်းဖြင့်ဆေးကုသခဲ့ခြင်းက သူ့အားပိုသိစေနိုင်သည့် အဓိကအကြောင်းအရင်း တစ်ခုပေ။ “ သုံးဆယ်သွားတယ်လေ။ ငါးဖြူလေး သွားတယ်လေ။ ဒီဘက်နားက အိမ်ကုန်းတို့၊ ဘာတို့။ ဒီဘက်လျှောက်လာကြတော့ အနောက်ဘက် ဇကာကြီး အဲ့ကြတော့ အိပ်တော့တာပဲ။ ရန်ကုန်ဘက်ကျတော့ မြောင်းတကာထိ သွားတယ်။ မြောင်းတကာထိ ဒီမြစ်ကြောင်းက သွားတယ်။ တောင်ပေါ်တွေကတော့ သွားတာပေါ့ အများကြီးရွာတွေ။ ဒီနား မရောက်ဖူးတဲ့ရွာ မရှိဘူး။ အဖိုးကို မသိတဲ့သူလည်း တစ်ယောက်မှ မရှိဘူး ”

ဆေးကုသရာတွင်လည်း တစ်ခါကနှစ်ခါဆိုလျှင် “ ငွေပေါနေလား၊ နောက်တစ်ခါဖြစ်ရင် မကုပေးတော့ဘူး ” စသည့် ဂရုဏာစာကားများ ပြောတက်သည်။ ထို့စာကားများမှာ လူနာအား ငွေကြေးမကုန်စေချင်သော စေတနာဖြင့်ပြောသော စာကားဖြစ်သည်။ သူပြောသော စာကားနားမထောင်သူကိုလည်း “ သင်္ချိုင်းကုန်းမှာ နေရာပြင်ထားလိုက် ” ဟု ပြောတက်ကြောင်း ဆေးကုသခံရဖူးသူ ဦးဇင်းတစ်ပါးက ပြန်ပြောပြသည်။ ထို့အပြောမှာ မေတ္တာစကားဟု ထိုအပြောခံခဲ့ရသောဦးဇင်းက နားလည်သည်။ ဘုန်းကြီးအား ကုသခဲ့ရာတွင်လည်း “ တပည့်တော်တစ်ခါပဲ ကုမယ်။ မသက်သာရင် မကုဘူး။ သက်သာမှ ကုမယ်။ မနက်ဖြန်လာလို့ မသက်သာရင် မကုတော့ဘူး ” ဟု လျှောက်တက်သည်။ ထိုလျှောက်သည့်အတိုင်း ကုသခံခဲ့ရသော ဘုန်းကြီးတစ်ပါးမှာ သက်သာသွား‌သဖြင့် ဆက်ကုသခဲ့ရကြောင်း အဘသောင်းက ရှင်းပြသည်။

ဓာတ်ပုံ- စိုးရာဇာထွန်း

ဆေးကုသသော ဆေးများကိုလည်း အကောင်းစားများ သုံးတက်သည်။ ထပ်ခါထပ်ခါ လာမပင့်အောင် ထိုအကောင်းစားဆေးများသာ သုံးခြင်းဖြစ်သည်။ “ ကိုင်တော့လည်း ဒီကဆေးတွေ ကိုင်တာမဟုတ်ဘူး ” ဟု အ‌ဘသောင်းက ဆိုသည်။ သူဆိုလိုသောဆေးက နိုင်ငံခြားဖြစ်ဆေးများ ဖြစ်သည်။ ထိုအခါ သူ့အားမကြာခဏ အပင့်မလုပ်တော့သလို၊ လူနာရှင်ဘက်ကလည်း ငွေကြေးကုန်ကျမှု မရှိစေရန် ဖြစ်သည်။ ထိုစေတနာ၊ မေတ္တာများဖြင့် ကုသခြင်းကြောင့် ဆရာသောင်းအဖြစ် သူ့နယ်တစ်ခွင်တွင် နာမည်ကျော်သော ဆေးဆရာတစ်ဦး ဖြစ်လာသည်။

နှစ် ၃၀ ကျော်တိုင် ဆေးလိုက်ကုသခဲ့သော အဘသောင်းဟန်မှာ လက်ရှိချိန်မှာတော့ အသက်အရွယ်ကြောင့် မြင်းဖြင့်ဆေးမကုသနိုင်သည်မှာ ခြောက်နှစ်ကျော်ရှိပြီ ဖြစ်သည်။ မြင်းနှင့် ပတ်သက်ပြီးလည်း သူ နားလည်သည်။ အလှူအတွက် လာငှားသော မြင်းများနှင့်ပတ်သက်ပြီး လုပ်ပုံ၊ ကိုင်ပုံအား အကုန်ရှင်းပြပေးသည်။ အလှူအတွက် မြင်းလိုအပ်သလောက် ဆရာသောင်းဆီ အကုန်ရသည်။ ဆရာသောင်းဆီသွားရင် အကုန်အဆင်ပြေသည်။ ထို့ကြောင့် သူ့အား မြင်းဥက္ကဋ္ဌအဖြစ်(ရွာဓလေ့ဖြင့်ဖွဲ့ထားခြင်း) ဦးဆောင်ခိုင်းထားသည်။ မြင်းနှင့် ပတ်သက်ပြီး သိကျွမ်းရုံမျှမက ကိုယ်ပိုင်လည်း မြင်း ခုနှစ်ကောင်ထိ မွေးမြူကာ လိမ္မာအောင် ထိန်းကျောင်းပေးထားသည်။ သူ့မြင်းက ဒီနယ်တွင် ဈေးအကြီးဆုံး ဖြစ်ခဲ့သည်။

ဓာတ်ပုံ- စိုးရာဇာထွန်း

ဆေးကုရာတွင်သုံးသော လက်သုံးတော်မြင်းကိုတော့ ဘယ်လောက်ပေးပေး မရောင်းပေ။ ထိုမြင်းများက ဆေးကုသရာတွင် ပြန်လာသော အဘသောင်းကို ကယ်တင်ဖူးသည် မဟုတ်လား။ ထို့ကြောင့် မြင်းသေလျှင် လူကဲ့သို့ မြှပ်ပေးသည်။ “ သေတဲ့အကောင်က ဒုတိယအကောင် မေရီထွန်းတဲ့ ” ‌သူစီးခဲ့သော ဒုတိယမြင်း သေခဲ့ရပုံကို နှမြောတသဖြင့် ရှင်းပြသည်။ သူ့မြင်းအား သူ့အိမ်နောက်ဖေးတွင် မြှပ်နှံထားကြောင်း အဘသောင်းက ပြောသည်။ သေသည့်မြင်းအား မြှပ်ရာတွင် စားမည်ပြောသူကိုပင် နုတ်ပိတ်အောင် သွန်သင်ဆုံးမခဲ့သူ ဖြစ်သည်။ ဤမျှလောက် မြင်းအပေါ် သူသံယောဇဉ်ကြီးရှာသည်။ “ မြင်းမွေးတာ အနှစ် ၃၀ ကျော်တယ်။ အမကနေပွားတာ ခုနှစ်ကောင်ထိ ပွားတယ်။ တစ်ကောင် ၅၀၀၀(၁၉၉၀ ကျော်ခန့်က သားလိုက်ဈေး) ပေးရတယ်။ ခုနှစ်ကောင်ထိ စီးခဲ့တယ်။ တစ်ကောင်က သေတာ။ ကျန်တာတော့ ရောင်းပြစ်တာ။ မြင်းသမားတွေအားလုံး ဇကာကြီး၊ ဇလွန် အသားလွတ်လာပြီး ဥက္ကဋ္ဌလုပ်ထားတယ် ”

ဤမျှလောက် မြင်းနှင့်ပတ်သက်ပြီး တက်သိသောပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပေမယ့် အဘသောင်း နောက်ပိုင်း မြင်းရောင်းပြီး ဆိုင်ကယ်ဝယ်လိုက်တော့သည်။ သူ့လောက် မြင်းအပေါ် သံယောဇဉ်ကြီးသူတစ်ဦးက မြင်းကိုမည်သို့ ရောင်းချင်ပါမည်နည်း။ သို့သော် ကံကြမ္မာက မျက်နှာသာမပေး။ မတည်မြဲခြင်းပေ မဟုတ်လော။ ဆေးကုဖို့ ဆိုင်ကယ်နှင့် သွားသည်။ အသက်အရွယ်ကြောင့်ရယ်၊ လမ်းပန်းဆက်သွယ်မှုရယ်များကြောင့် ပြောင်းလဲခဲ့ရခြင်းပေ။ ဆိုင်ကယ်ဖြင့် ပုသိမ်ထိပင် ခရီးနှင်ကာ ကုသသည်။ ထိုသို့ အင်္ဂလိပ်ဆေးဖြင့် ကုသရုံဖြင့် အဘသောင်း အားမရခဲ့ပေ။ မြန်မာ‌ဆေးပညာကိုလည်း ဆက်လက်သင်ယူကာ ကုသခဲ့သည်။ မြန်မာဆေးနှင့် ကုသပေးသင့်သူများအား ကုသပေးခဲ့သည်။ “ဗမာဆေးကြိုက်တဲ့သူကတော့ ပါးစပ်နဲ့ပြောရင် သိပ်မလေးစားဘူး။ တချို့က ကျွန်မထမင်းစားလို့ မကောင်းဘူး။ သင်္ဘောအူမြစ်၊ ထန်းလျက် ငါးကျပ်သား၊ မကျဉ်း ဆတူကျို။ အအေးခံထားပြီး စပါးပုတ်ထည့်သောက် မူးတယ်။ ထမင်းစားတယ်။ တချို့ကျတော့ သဘောတွေကျတယ်။ ကောင်းတယ်။ ဝလည်း ဝတယ်” ဟု မြန်မာ‌ဆေးဖြင့် ကုသခဲ့ရပုံကို ပြောပြသည်။

ဓာတ်ပုံ- စိုးရာဇာထွန်း

ထိုသို့ ကုသခဲ့ရချိန်ကဆို ပယောဂသည်များပါမကျန် ကုသပေးခဲ့ရမှုများ ရှိသည်။ တပည့်တပန်း ပေါများလှသည်။ ထို့ကြောင့်လည်း ရောဂါကုသရာတွင် သူပြောနေကြ “ လာခဲ့ကြိုက်တာ ” ဟု ဆိုတက်ခြင်း ဖြစ်သည်။ မြင်းစီးပြီး ဆေးကုသခဲ့ချိန်တုန်းက ဥက္ကံနယ်တစ်ခွင်အပါအဝင် ပဲခူး၊ ဧရာဝတီဒေသရှိ ကျေးရွာများထိတိုင် ခရီးနှင်ကာ အရပ်သူ၊ အရပ်သားများ၏ ရောဂါအစုံစုံအား ကုသပေးခဲ့သည်။ ကလေးလူကြီးသာမက ခွေးနှင့် မြင်းပါမကျန် အင်္ဂလိပ်ဆေးဖြင့် တစ်မျိုး၊ ဗမာဆေးဖြင့် တစ်ဖုံ၊ လိုက်လံကုသပေးခဲ့သည်။  “ ရောဂါတွေက စုံနေတာပဲ။ ဒီမှာက ခေါင်းကိုက်၊ နှာစေး၊ ကြောတက်၊ မီးယပ်၊ ဘာဖြစ်ညာဖြစ် အလကားရောဂါ။ တကယ့်ကုရမယ့်ရောဂါက သိပ်မရှိဘူး။ ရှိလည်းလာပြ အဘက ကုပေးတယ်။ အချို့ကလည်း အဖိုးကို မယုံ၊ တယုံပဲ။ လက်တွေ့ကုပြလိုက်တဲ့နေရာကြတော့မှ ဆရာသောင်းဟန် ဒီလိုပေါ့ ” ဟု ဆိုသည်။

နယ်သို့ ဆေးကုသွားရန်အတွက် မနက်ပိုင်းတည်းက မိမိနေသော ပျဉ်းမကုန်းရွာမှ လူနာများအား အပြီးကုသပေးထားသည်။ ထို့နောက် တစ်ရွာပြီးတစ်ရွာ မိမိကုသပေးထားသူများအား ဆရာဝန်လှည့်သလို လှည့်ကာအားပေးသည်။ ကုသမည့်လူနာတွေ့လျှင် ကုသသည်။ ထို့ကြောင့် လူတကာ၏ နုတ်ဖျားက ဆရာသောင်း၊ ဆရာသောင်းအဖြစ် တွေ့တိုင်းနှုတ်ဆက်ကြခြင်း ဖြစ်သည်။ ဤမျှလောက် အောင်မြင်ကျော်ကြားခဲ့သူ ဆရာသောင်းပေ။ ယခုတော့ အိမ်တွင် တစ်ဦးတည်း ရှိနေလေပြီ။ သေခြင်းသဘောများကို အမြဲပြောနေရှာတော့သည်။ “ အသက်ကြီးပြီ။ သေတော့မှာပဲ ” ဆိုသည့်စကားကို ထပ်ခါထပ်ခါဆိုနေလေပြီ။

ယခင်ရွှေရောင်ကာလများလို ဆရာသောင်းဘဝ မဟုတ်တော့။ မတောက်ပြောင်တော့သော လက်ရှိဘဝမှာ ဘုရား၊ တရားအလုပ်ကလေးများဖြင့် နေထိုင်တတ်နေပြီ ဖြစ်သည်။ “ ဟိုတုန်းက ကိုယ်ဖိ၊ ရင်ဖိ ထမင်းအငတ်ခံပြီးတော့ ဆေးလိုက်ကုပေး။ သတင်းလေးတောင် လာမမေးကြဘူး။ အော် သူတို့ ပေးရကမ်းရမှာ ကြောက်လို့ ” လက်ရှိအဘသောင်း ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေလေးက တရားရစရာ ဖြစ်နေတော့သည် မဟုတ်လား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly