ရုရှားကာကွယ်ရေးဝန်ကြီး ခရီးစဉ်တွင် တပ်မတော်နှင့် အလုပ်သဘောဆိုင်ရာ ဆွေးနွေးရန် ရှိဟုဆို

ရုရှားကာကွယ်ရေးဝန်ကြီး ခရီးစဉ်တွင် တပ်မတော်နှင့် အလုပ်သဘောဆိုင်ရာ ဆွေးနွေးရန် ရှိဟုဆို
Photo - MWD

ရန်ကုန်၊ ဇန်နဝါရီ ၂၀

နေပြည်တော်သို့ မကြာမီရက်ပိုင်းအတွင်း လာရောက်မည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မှကာကွယ်ရေးဝန်ကြီ ဗိုလ်ချုပ်ကြီး ဆာဂေ ရွှိုင်ဂူး၏ မြန်မာပြည်ခရီးစဉ်အတွင်း တပ်မတော်နှင့် အလုပ်သဘောဆိုင်ရာဆွေးနွေးမှုများ ပြုလုပ်ရန်ရှိကြောင်း သိရသည်။

“ဇန်နဝါရီ နောက်ဆုံးပတ်လောက်မှာလာဖို့ရှိပါတယ်ဗျ။ ချစ်ကြည်ရေးသဘောပါပဲ။ တပ်မတော်ပိုင်းနဲ့ပက်သက်ပြီးတော့ကျ အလုပ်သဘောဆွေးနွေးမှုတွေလည်းရှိပါလိမ့်မယ်ခင်ဗျ။ ရုရှားနဲ့ မြန်မာ့တပ်မတော်ဟာလည်း ယခင်တည်းက တိုင်ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

ရုရှားကာကွယ်ရေးဝန်ကြီးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်လည်း သီးသန့်တွေ့ဆုံရန်ရှိနေသည်။

အဆိုပါ အလုပ်သဘောဆွေးနွေးမည့်အချက်များနှင့်ပက်သက်၍ မဇ္ဈိမမှမေးမြန်းသော်လည်း အသေးစိတ်မသိရသေးကြောင်း တပ်မတော်ဘက်က ဆိုသည်။

ဗိုလ်ချုပ်ကြီး ဆာဂေ ရွှိုင်ဂူးသည် ရုရှားသမ္မတသမ္မတဗလာတီမာပူတင်၏ အစိုးရအဖွဲ့တွင် ထိပ်တန်းအရေးပါသူတစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလကလည်း မြန်မာနိုင်ငံသို့လာရောက်ခဲ့ဖူးသည်။

မြန်မာ့တပ်မတော်အနေဖြင့် စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပက်သက်၍ တရုတ်အပေါ်မှီခိုမှုများလျော့ချပြီး အိန္ဒိယနှင့် ရုရှားတို့ကို ပြောင်းလဲချဉ်းကပ်နေသည်ဟုယူဆရ၍ ရုရှားကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်မှာ စိတ်ဝင်စားစရာဖြစ်နေကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကဆိုသည်။

“အဲ့တော့ ဒီဖြစ်စဉ်အတွင်းမှာ ရုရှားနဲ့ မြန်မာနဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ၊ စစ်လက်နက်ပစ္စည်း အရောင်း၊ ဝယ် စာချုပ်အသစ်တွေ။ မြန်မာ့တပ်မတော်ခေတ်မီတိုးတက်ရေးအတွက် နည်းပညာနဲ့ ရုပ်ဝတ္ထုဆိုင်ရာအကူအညီအရ ရုရှားဘက်ကို မြန်မာ့တပ်မတော်က ဦးလှည့်လာတဲ့အနေအထားတစ်ရပ်ကို ပုံဖော်တဲ့ခရီးစဉ်ဖြစ်တယ်လို့ သုံးသပ်ပါတယ်” ဟု ၎င်းကပြောသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင်  ဗိုလ်ချုပ်ကြီး ဆာဂေ ရွှိုင်ဂူးကို ရုရှား သမ္မတ ဗလာဒီမာပူတင်က ကာကွယ်ရေးဝန်ကြီး အဖြစ်ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်ကလာရောက်ခဲ့သည့် အဆိုပါ ကာကွယ်ရေးဝန်ကြီး ခရီးစဉ်တွင် ရုရှားဖက်ဒရေးရှင်းက မြန်မာနိုင်ငံကို SU 30 Fighter Jet ခြောက်စီး ရောင်းချရန်သဘောတူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly